By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လေးတန်းရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းက ဘုန်းကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ပခုက္ကူတပ်မ ၁၀၁မှ ထွက်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် မေလ ငါးရက်၌ မြိုင်မြို့နယ် လေးတန်းရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးထားကြောင်း အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်း – မြိုင် ထံမှသိရသည်။
” တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ သူတို့က အဲ့နားမှာ မရွှေ့ဘဲ စခန်းချနေတာပေါ့။ စခန်းချနေရင်းကနေ အနီးနားက ဘုန်ကြီးကျောင်းကို ရှို့တဲ့သဘောဗျ။ အိမ်တွေလည်းရှို့တယ်ဗျ။ အိမ်တွေလည်းပါသေး တယ်။ ရွာဘက်လည်း မီးခိုးအူတာဆိုတော့ ရွာဘက်ကအိမ်တွေလည်း ရှို့တယ်လို့ ယူဆရတယ်ပေါ့ဗျာ” အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (မေလ ခုနှစ်ရက်)အထိ လေးတန်းရွာနှင့်အနီးတစ်ဝိုက်၌ ရှိနေသေး သဖြင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။
ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မေလနှစ်ရက်နှင့် သုံးရက်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ရက်ဆက်တိုက် ဗုံးအလုံးရေ မရေမတွက်နိုင်အောင် လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သလို မေလ ငါးရက်နှင့် ခြောက်ရက်နေ့၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
” အဲ့နေ့ကတည်းက တိုက်ပွဲတွေ ခုထိမရှိဘူးဗျ။ ဒါပေမဲ့၊ သူတို့က လေယာဉ်နဲ့ လာချတာရှိတယ်။ ပါရာမော်တာနဲ့ချတာရှိတယ်။ သူတို့စစ်ကြောင်းနဲ့ နီးတဲ့နေရာတွေ၊ ရှိနေတဲ့ နေရာတစ်ဝိုက်တွေကို ချတာဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
မေလငါးရက်တွင် ပခုက္ကူနှင့် မြိုင်နယ်အစပ်ရှိ ဇောင်ဂျမ်းကုန်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ခဲ့ရာ PDFရဲဘော်ကိုးဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” လေယာဉ်တစ်စီးနဲ့ ဗုံးသီးနှစ်လုံးချတာဗျ။ ပထမတစ်လုံးက စာသင်ကျောင်းထဲ ကျပြီး အဲ့ထဲက ရဲဘော်ကိုးဦးကျဆုံးတယ်ပေါ့ဗျာ။ ဒုတိယတစ်လုံးကတော့ ယာပြင်ထဲကျပြီး ယာပြင်ပျက်စီးတာ သစ်ပင်တွေ ကျိုးတာပဲ့တာလောက်ပါပဲ” ဟု ၎င်းကပြောသည်။
မေလခြောက်ရက် ညနေပိုင်းတွင် ပခုက္ကူမြို့နယ်၊ ကန်တော်ရွာမှ အင်အား ၁၈၀ဝန်းကျင်ပါ စစ် ကောင်စီ စစ်ကြောင်း ထပ်မံထွက်လာရာ ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ် ကံမြင့်ကုန်းရွာသို့ရောက်ရှိနေကြောင်း လေးတန်းရွာအနီးတဝိုက်သို့ ရောက်ရှိနေသည့် စစ်ကြောင်းကို အင်အားဖြည့်တင်းရန် ဖြစ်နိုင်သဖြင့် ပြည်သူများ စစ်ကြောင်းရန်နှင့် လေကြောင်းရန်အထူးသတိပြုကြရန် အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်း – မြိုင်က သတိပေးထားသည်။
စာတည်း-ML