By Ra Wai / MPA
ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေးအတွက် အပစ်ရပ်သက်တမ်း ထပ်တိုးလိုက် ကြောင်း စစ်ကောင်စီက ယနေ့(မေလခြောက်ရက်)ကြေညာလိုက်သည်။
စစ်ကောင်စီက သုံးကြိမ်မြောက် သက်တမ်းတိုးခြင်းအဖြစ် မေလခြောက်ရက်မှ ၃၁ရက်အထိ ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ထပ်တိုးလိုက်ခြင်း ဖြစ်သည်။
“မြန်မာစစ်အာဏာရှင်တွေမှာရှိတဲ့ တခြားအရည်အချင်းတွေ မင်းအောင်လှိုင်ဆီမှာ ဘာမှမရှိပေမဲ့ အရှက်ကင်းမဲ့ မျက်နှာပြောင်တိုက်ရဲခြင်းဆိုတဲ့ဂုဏ်ရည်ကတော့ အပြည့်ရှိပါတယ်။အရင်စစ်ကောင်စီ ကြေညာထားတဲ့ အပစ်ရပ်ကာလတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ် ဆောင်ခဲ့တာ အားလုံးမျက်မြင်ပါပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြော သည်။
စစ်ကောင်စီသည် ဧပြီနှစ်ရက်မှ ၂၂ရက်ထိ တစ်ကြိမ်၊ ဧပြီ၂၃ရက်မှ ၃၀ရက်အထိ နောက်တစ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ယခု တတိယအကြိမ် ထပ်မံအပစ်ရပ်ကြေညာခြင်းဖြစ်သည်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ၂၈ရက်မှ ဧပြီ၃၀ရက်အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု ၄၁၇ကြိမ်ရှိခဲ့ပြီး ၃၁၉ဦး သေဆုံးခဲ့ကြောင်း DVB စစ်တမ်း က ဖော်ပြသည်။
စာတည်း-ML