By Ko Paing/ MPA
စစ်ကိုင်းတိုင်း၊အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးမိခဲ့သော တပ်မ၇၇ တပ်မမှူးနှင့်စစ်သုံ့ပန်း တို့မှာ နောင်တကို ဖွင့်ဟဝန်ခံကြကြောင်း သိရသည်။
မေလငါးရက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်သို့ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားသော မိန့်ခွန်း တွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ သည်။
“အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ ၇၇ တပ်မမှူးအပါအဝင် သုံ့ပန်းတွေကလည်း သူတို့ရဲ့ နောင်တကို ဖွင့်ဟဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့တတ်နိုင်တာ ထည့်ဝင်ဖို့ ကတိပြုကြတယ်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။
စစ်ကောင်စီတပ်ထဲတွင် ကျန်ရှိနေသော တပ်မှူး၊ တပ်သားများအနေနှင့် ပြည်သူကို အကြမ်းဖက် သတ်ဖြတ်သည်အထိ လမ်းမှားရောက်စေသော မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်အား အမြန်ဆုံး စွန့်လွှတ်ကြရန်လည်း ဦးရည်မွန်က တိုက်တွန်းလိုက်သည်။
“ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန် ချမ်းသာရာရမယ်။ စစ်တပ်ကိုယ်တိုင် လည်း ချမ်းသာရာ ရမယ်လို့ သတိပေးလိုတယ်”ဟု ၎င်းကပြောသည်။
ဧပြီခုနှစ်ရက်၊ညကိုးနာရီခန့်တွင် အင်းတော်မြို့၊ဂျပန်လိုဏ်ဂူ၌ တပ်စွဲထားသော တပ်မ၇၇တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင် ၂၀၀ခန့်တို့သည် တောင့်မခံနိုင်တော့သဖြင့် စခန်းစွန့်ခွာ ထွက်ပြေး စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
မဲဆောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “တပ်မ၇၇ တပ်မမှူးဆိုတာ ပြည်သူ့ရင်ခွင်ခိုလှုံ လာသူမဟုတ်ပါဘူး။သူ့ဘာသာနောင်တရတာ ကောင်းပါတယ်။ဒါပေမဲ့၊သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ နဲ့အညီ တရားစီရင်ခံရမှာပဲ”ဟု MPAသို့ပြောသည်။
ယင်းတပ်မမှူးနှင့် စစ်သုံ့ပန်းများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံကာ တရားစီရင်သွားမည်ဖြစ်ကြောင်း NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားထားသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝှစ်ဇာအမြောက်နှစ်လက်၊ ၁၂၀ မမနှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း-ML