By Ko Paing / MPA
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အပိုင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲ ခံရပြီး ပျက်စီးသွားကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၊နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြားရှိ ပေ၈၀ရထားလမ်းတံတားတစ်စင်း (တံတားအမှတ်၆၅)သည် ယနေ့(မေလခြောက်ရက်)တွင် မိုင်းခွဲခံရသဖြင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်သည်။
“ဒီနေ့ မနက်စောစောပိုင်း မိုင်းခွဲတာလို့ ကြားတယ်။မိုးကောင်းတံတား မိုင်းခွဲခံရပြီးတော့ စစ်တပ်က လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ ဗုံးကြဲတာရောပေါ့။ရွာတွေဘက်ကို လုပ်တာ။အဲဒါပြီး ရထားလမ်း မိုင်းခွဲခံရတာ။အဖြစ်အပျက်တွေက ဆက်တိုက်ပဲ”ဟု သထုံမြို့နယ်၊ကျိုက္ကော်မြို့နေ ပြည်သူတစ်ဦး ကMPAသို့ပြောသည်။
ယနေ့ မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန် ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် တို့ကို ဖျက်သိမ်းလိုက်ပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခ များအား မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံ၌ ပြန်အမ်းပေးနေကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်သည်။
ကျိုက္ကော်မြို့မှ ဘီးလင်းဘက်သို့အထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မေလသုံးရက် ညသန်းခေါင်အချိန်၌ မိုင်းခွဲခံခဲ့ရပြီးနောက် မေလလေးရက်တွင် ဘီးလင်းအခြေစိုက် အမှတ်၃၁၀အမြောက်တပ်မှ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့်လည်း ဗုံးနှစ် လုံးကြဲချခဲ့ရာ ဘီးလင်းမြို့နယ်၊မိကျောင်းအိုင်ရွာအနီးသို့ကျရောက်ခဲ့ကာ လူထိခိုက်မှုမရှိပေ။
မိုင်းခွဲခံရသော မိုးကောင်းတံတားကို စစ်ကောင်စီက ပြင်ဆင်ခဲ့ရာ မေလလေးရက် ညနေပိုင်းတွင် ကားများ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်သည်။
စာတည်း-ML