By Hsu Yee/MPA
ပဲခူးတိုင်း ၊ မင်းလှမြို့နယ်တွင် အထိနာခဲ့သော စစ်ကောင်စီတပ်က လေးရွာမြောက်အဖြစ်
ဦးတိုမြန်မာစုရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို လုယက်ပြီးနောက် မီးရှို့ခဲ့ကြောင်းသိရသည်။
မတ်လ ငါးရက်၊ ညနေ ခြောက်နာရီကျော်တွင်မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုရွာ နေအိမ်များရှိ ပစ္စည်းများကို စစ်တပ်က လုယက်ပြီးနောက် မီးရှို့ခဲ့ရာ နေအိမ်နှင့် ဆိုင်ခန်း ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
“ မနေ့ကညအထိတော့ နေအိမ်နဲ့ဆိုင်ခန်း၁၅လုံး လောင်တယ်လို့သိထားတယ်။အလယ်တန်းကျောင်း ရှေ့မျက်နှာချင်းဆိုင်က ဆိုင်ခန်းတွေနဲ့အိမ်တွေပေါ့။အိမ်တွေထဲက မီးမရှို့ခင် ပစ္စည်းတွေခိုးတယ်” ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က MPA သို့ပြောသည်။
တာကလေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်သားများက ဦးတိုမြန်မာစုရွာ သို့ လာရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညအထိ ဦးတိုကညင်ပင်ရွာထဲမှာပင် ရှိနေသေးကြောင်း သိရသည်။
“ ပြည်သူအထိအခိုက် မကြားမိဘူး။အရင်ကတည်းကလည်း ရှောင်နေကြတာဆိုတော့။သူတို့ အင်အားဘယ်လောက်နဲ့ လာသလဲတော့ အတည်မပြုနိုင်ဘူး။တာကလေးမှာဆိုလည်း စစ်သားတွေ ဘုန်းကြီးကျောင်းမှာတပ်စွဲနေလို့ တစ်ရွာလုံးပြေးရတာ။ အခုက ဘလိုင်းကြီးတွေမီးရှို့နေ တာလေ။ ဘာ မှမဆိုင်တဲ့ရွာတွေကိုမီးရှို့တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ငမိုးရိပ်ကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကာ ယင်းနောက် ဧပြီ ၃၀ရက်တွင် ဇရစ်မျှောင်ရွာ နှင့် ရွှေပေါက်ပင်ရွာ၊ မေလ တစ်ရက်တွင် ငမိုးရိပ်ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်း ဧပြီ ၂၂ ရက်မှစတင်ကာ တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ခြင်း ၊ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရန်ကုန် – ပြည်လမ်းမကြီး အရှေ့ဘက်ရှိ ရွာပေါင်း ၆၀ကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စာတည်း-ML