By Ra Wai / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးသို့ စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဗုံးအလုံး ၆၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (မေလ ငါးရက်) နံနက် ၁၀နာရီခွဲခန့်တွင် စစ်ရေးတင်းမာနေသည့် တွင်းငယ်ရွာအနီးသို့ Y-12လေယာဉ်ဖြင့် ဗုံး ၅၈လုံး ကြဲချခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှ သိရသည်။
” ကြဲတာ တောစပ်နေရာပေါ့နော်။ အခုက စစ်ရေးတင်းမာနေလို့ တအားကြဲတဲ့သဘောပါ။ သူတို့ကလည်း သူတို့ပြန်မပေးရရေး ကျတော်တို့ရှိမယ်ထင်တဲ့နေရာတွေ ကြဲတာပါ” ဟု ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
တွင်းငယ်ကျေးရွာကို ၂၀၂၄ခုနှစ် ဒီဇင်ဘာတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါ တွင်းငယ်ရွာဝန်းကျင်၌ စစ်ရေးအရ ဖိအားပေးခံနေရသဖြင့် စစ်တပ်က လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
” တွင်းငယ်က ကျတော်တို့ဘက်က အစောတုန်းကတော့ စိုးမိုးထားတာပေါ့နော်။ ခုတော့ စကစဘက်ကို ပြန်ပေးလိုက်ရပြီပေါ့နော်။ သူလုလိုက် ကိုယ်လုလိုက်ဖြစ်နေတာပေါ့လေ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။