By Ko Paing/MPA
ကေအဲန်ယူ၊ ဖာပွန်ခရိုင် (မူတြော်) ၌ တစ်လတာတိုက်ပွဲများအတွင်း ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်သား ၃၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖာပွန်ခရိုင်၌ ဧပြီလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာငါးနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြီး၊ ငယ် ၁၃၉ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်သား ၅၅ ဦးလည်း ဒဏ်ရာရရှိ ကာ အဆောက်အအုံကိုးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ (မေ ငါးရက်) သတင်း ထုတ်ပြန်သည်။
“ဖာပွန်ခရိုင်နဲ့ ပတ်သက်ပြီး ပြောစရာတော့ သိပ်မရှိပါဘူး။ တိုက်တာတော့ တိုက်နေတယ်။ ဒါပေမဲ့၊ မဟာဗျူဟာမြောက် သိမ်းပိုက်နိုင်မှုကတော့ ရေရေရာရာမရှိသေးဘူးပေါ့။ ကျတော်တို့ ဘက်မှာတော့ နိုင်ငံတော်အဆင့်လို့စစ်ကောင်စီပြောတဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်မကျော်နိုင်ရုံတင်မကဘူး၊ ကောင်းကောင်းချေမှုန်းခံနေရတာ KNLA ပူးပေါင်းတပ်ရဲ့ အောင်ပွဲလို့ ပြောရပါမယ်။ ပြီးတော့၊ ညောင်လေးပင်ခရိုင်မှာလည်း KNLA နဲ့ PDF ဒီနှစ်ထဲမှာ မြန်မြန်ရွေ့လာနိုင်တာ တွေ့ရတယ်” ဟု ကေအဲန်ယူ၊တပ်မဟာခြောက်နယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ဧပြီလအတွင်း စစ်တပ်က ဖာပွန်ခရိုင်၌ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ခုနှစ်ကြိမ်နှင့် တိုက်လေယာဉ်နှင့် ဗုံး ၁၄ လုံး ကြဲချခဲ့ရာ ပြည်သူ နှစ်ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ ကြောင့် အရပ်သားပြည်သူတို့၏ လုပ်ကိုင်စားသောက်ရာနေရာများလည်း ထိခိုက်ပျက်စီးခဲ့ရပြီး စိုးရိမ် ထိတ်လန့်မှု များစွာဖြင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။