By Hsu Yee / MPA
ဖျက်အားပြင်းငလျင် လှုပ်ခတ်ပြီး တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်သည် ငလျင်ဒဏ် အကြီးအကျယ်ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်၊ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီးမှ မေလ လေးရက်ထိ စစ်ကောင်စီတပ်က နိုင်ငံအနှံ့အပြား၌ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ် ပြုလုပ်ခဲ့သည့်အနက် စစ်ကိုင်းတိုင်းအတွင်း ၇၃ ကြိမ်နှင့် မန္တလေးတိုင်း၌ ၆၁ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရက သတင်းထုတ်ပြန်သည်။
“ငလျင်လှုပ်ပြီးတဲ့ စစ်တပ်က အပစ်ရပ်ကြေညာပြီးတော့ ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတာ ကို အခု NUG ထုတ်ပြန်ရုံတင်မကဘူး။ကုလသမဂ္ဂလို အဖွဲ့အစည်းကပါ ထုတ်ပြန်နေတာ တွေ့ရ တယ်။ဒါပေမဲ့၊ထုတ်ပြန်ရုံပဲရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူမှုမရှိတဲ့အခါကျ တော့ မင်းအောင်လှိုင်တို့က အဖက်မလုပ်ဘူး”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ် ဦးက MPA သို့ပြောသည်။
ယင်းကာလအတွင်း စစ်ကောင်စီတပ်၏ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၂၇၆ ဦးနှင့် ဒဏ်ရာရရှိသူ ၄၅၆ ဦးရှိပြီး စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ကြောင့် ၈၉ဦးသေဆုံးကာ ၁၃၅ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်ခံရမှု ဒုတိယအများဆုံးဖြစ်သော မန္တလေးတိုင်းအတွင်း ၆၅ ဦးသေဆုံးပြီး ၁၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းNUGအစိုးရက ထုတ်ပြန်ထားသည်။
ယင်းကာလအတွင်း စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ချင်းပြည်နယ် ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ နှစ်ရက်မှ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ပထမအကြိမ် ထုတ်ပြန်ပြီးနောက် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း ယင်းအပစ်ရပ်ကာလတောက်လျှောက် လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကို ကျူးလွန် ခဲ့သည်။