By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ အဆောက်အအုံပျက်စီးမှုများပြားပြီး အရာရှိသုံးဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ရက်က တောင်ပိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံး ရှစ်လုံးပစ်ခတ်ခဲ့ရာ တပခ တိုင်း ရုံးစစ်ဦးစီးဌာနရှိသည့် အဆောက်အအုံဘက်ခြမ်း၊ တိုင်းငွေစာရင်းရုံးနှင့် စခန်းရုံးနေရာအချို့ ထိခိုက် ပျက်စီးပြီး၊ လေတပ်အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးလိုင်းခန်း နှစ်လုံး၊ အရာရှိလိုင်းခန်းနှစ်လုံးနှင့် လေတပ်သုံးမော်တော်ယာဉ်နှစ်စီးတို့ မီးလောင်ပျက်စီးခဲ့သည်။ထို့အပြင် လေတပ်အရာရှိသုံးဦးနှင့် လေတပ်ရဲမေနှစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး အရာရှိငါးဦးအပါအဝင် ၁၂ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Brave Warriors For Myanmar က ယနေ့ (မေလ လေးရက်) သတင်းထုတ်ပြန်သည်။
“ စွန့်စားမှုလည်းကြီးသလိုအောင်မြင်ထိရောက်မှုလည်းကြီးတဲ့မစ်ရှင်ဖြစ်ပါတယ်။လေတပ်ဆိုလည်းထိခိုက်မှုအများကြီးရှိနိုင်ပါတယ်။ သတင်းအရမ်းဖုံးထားလို့ပါ” ဟု Brave Warriors For Myanmarအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဧပြီ ၃၀ရက်တွင်ပင် တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးခြောက်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ် သိုလှောက်ရုံအဆောက်အအုံအပါအဝင် နှစ်လုံးထိခိုက်ပျက်စီးပြီး လေတပ်အရာရှိနှင့် စစ်သည်အချို့ သေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရမှုများရှိကြောင်းသိရသည်။
တောင်ငူလေတပ်ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းဖုံးမှုများနှင့် တားမြစ်ကန့်သတ်မှုများရှိသဖြင့် ကိန်းဂဏန်းအချက်အလက် အတိအကျမဖော်ပြနိုင်ကြောင်း BWMကဆိုသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော် အေလာလေတပ်စခန်း ကို ပြန်လည် ပြင်ဆင်နေချိန်၌ တိုက်လေယာဥ်အချို့အား တောင်ငူလေတပ်စခန်းသို့ ပြောင်းရွှေ့ထားကြောင်း BWMကဆိုသည်။
ယင်းတိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုနှင့် အဆောက်အအုံပျက်စီးမှုများကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။