By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးအလုံးရေ မရေမတွက်နိုင်အောင် ကြဲချတိုက်ခိုက်နေကြောင်း သိရသည်။
မေလ တစ်ရက်တွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှထွက်လာသည့် အင်အား ၂၀၀ ကျော်ပါစစ်ကောင်စီ စစ်ကြောင်းသည် မေလနှစ်ရက်၌ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းတစ်နေရာသို့ ရောက်ရှိလာပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသဖြင့် မေလနှစ်ရက်၊ည ကိုးနာရီခွဲခန့်၌ ရှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ယနေ့ (မေလ သုံးရက်)တွင်လည်း နံနက် ခုနှစ်နာရီခွဲခန့်မှ ညနေ ငါးနာရီခန့်အထိ ဗုံးဆက်တိုက်ကြဲခဲ့ကြောင်း အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင်အဖွဲ့ထံမှ သိရသည်။
” တိုက်ပွဲဧရိယာပေါ့ဗျာ။ အဲ့နားမှာတိုက်ပွဲဖြစ်နေတာဆိုတော့ အဲ့နားတစ်ဝိုက်ကို အကုန်ကြဲတာ။ ဒီဘက်က တော်လှန်ရေးအင်အားစုက ရှေ့ကနေဆီးကြိုတိုက်နေတော့ အဲ့ဒါကို သူတို့က အတင်းတ အားချနေတဲ့သဘောဗျ။ အထိနာတဲ့သဘောလည်းပါမှာပေါ့ဗျာ။ အဲ့တော့ကျ လေကြောင်းပစ်ကူတ အား ခေါ်နေတာပေါ့။ ဒီနေ့လည်း မနက်ကတည်းကနေ ခုချိန်ထိ တရစပ်ချနေတာပဲ” ဟု အညာမြေ အရပ်ဖက်အဖွဲ့အစည်း – မြိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ်အဆောက်အအုံများထိခိုက် ပျက်စီးနိုင်ကြောင်း သိရသည်။
” ပြည်သူထိခိုက်မှုတော့ မရှိဘူး။ ပျက်စီးမှုတော့ရှိနိုင်တယ်။ ရွာတွေအကုန်ပတ်ချတာဆိုတော့ အဲ့ဒီကျတဲ့ရွာတွေက ပျက်တာများနိုင်တယ်ပေါ့ဗျာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာတစ်ဝိုက်ရှိ ကျေးရွာငါးရွာကျော်မှ ပြည်သူ ၅၀၀၀နှင့် ၁၀,၀၀၀ကြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
” ခုထက်ထိအောင် တင်းမာနေတဲ့သဘောပေါ့ဗျာ” ဟု ၎င်းက ယနေ့ ညနေ ငါးနာရီခန့်တွင် ပြော သည်။
ယနေ့ ညနေ သုံးနာရီခန့်တွင် မြေပြင်စစ်ကြောင်းကို လေကြောင်းမှ အထုပ်ခြောက်ထုပ် ချပေးခဲ့ကြောင်းလည်းသိရသည်။
မြေပြင်၌ စစ်ရေးတင်းမာနေသဖြင့် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းနေ ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိထားရန် အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင်အဖွဲ့က သတိပေးထားသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာ၊ စစ်ကြောင်းရောက်နေသည့်နေရာနှင့် တိမ်းရှောင်နေရသည့်ရွာအမည်များကို လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။