By Ra Wai / MPA
အပစ်အခတ်ရပ်စဲထားသည်ဆိုသော တစ်လတာအတွင်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲထားသည့် ဧပြီတစ်လအတွင်း သပိတ်ကျင်းမြို့ပေါ်သို့ တစ်ကြိမ်နှင့် မြို့နယ်အတွင်း ၂၃ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၂ ဦးသေဆုံးပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆၀ ကျော်ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှသိရသည်။
” ပြည်သူတွေဆိုတာ သူ့နေရာသူပဲ နေနေကြတာ။ စစ်တပ်က လာအုပ်ချုပ်တယ်ဆိုလည်း ပြည်သူ တွေ ဒီအတိုင်းပဲနေကြတာ။ ကျတော်တို့ဘက်က ထိန်းသိမ်းနိုင်တဲ့အခါမှာလည်း ဒီအတိုင်းပဲနေကြ တာ။ ပြည်သူကတော့ ပြည်သူပါပဲ။ အဲ့ဒါကို ဗုံးကြဲတိုက်ခိုက်တာကတော့ လူမဆန်တဲ့လုပ်ရပ်လို့ ကျတော်ကတော့ ပြောချင်ပါတယ်” ဟု ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သပိတ်ကျင်းမြို့နယ်အတွင်း၌ လေကြောင်းရန်အတွက် ကတုတ်ကျင်းများတူးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ထားကြောင်း သိရသည်။
ဧပြီ ၁၈ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ဧပြီ ၁၉ ရက်တွင် ရေထွက်ကျေးရွာကို ဗုံးကြဲခဲ့ရာ ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ ကြောင်းသိရသည်။
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၄၂ ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၂၀၊ ဒဏ်ရာရသူ ၄၅ ဦးအတွက် တစ်ဦးလျှင် ၁၅ သိန်းနှင့် ပျက်စီးသွားသည့် နေအိမ် ၄၂ လုံးအတွက် တစ်လုံးလျှင် သိန်း ၂၀ တို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်-ပကဖက ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နှင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ထားသည်။