By Hsu Yee / MPA
ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယနေ့ (မေလ နှစ်ရက်)နံနက် ၃နာရီ မိနစ် ၅၀ခန့်တွင် နတ်တလင်းမြို့နယ် အရှေ့ဘက်၊ ဒမငယ်ရွာ ရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တစ်နာရီခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် တစ်တပ်ရင်း ၊ ၃၈၀၁ မှ သတင်းထုတ်ပြန်ထားသည်။
“ နှစ်ယောက်ကတော့ တိုက်ပွဲအတွင်းသေဆုံးတယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့ နှစ်ယောက်ကို တောင်ညိုကွက်သစ် ဆေးရုံမှာ ဆေးကုသရင်း တစ်ယောက်ကသေသွားတယ်လို့သိရပါတယ်” ဟု သာယာဝတီခရိုင် အမှတ်တစ်တပ်ရင်း ၊ ၃၈၀၁ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဒမငယ် ရဲကင်းစခန်းတွင် စစ်အုပ်စုဝင် ၁၅ ဦးခန့်ရှိပြီး စခန်းသိမ်းနိုင်ခဲ့သော်လည်း မထိန်းသိမ်းနိုင်သောကြောင့် တိုက်ပွဲပြီးချိန်၌ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
“ အဲ့ဒီ(ရဲကင်းစခန်း)က အစစ်ဆေးလည်းကြမ်းတယ်လို့ပြောပါတယ်။အဆိုးဆုံးကတော့ပျူစောထီးတွေလို့သိရတယ်။ ဘယ်တပ်ရင်းကရယ်လို့တော့ ရောသမမွှေတွေဆိုတော့မသိရပါဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအပြီးတွင် G3 သေနတ်တစ်လက် ၊ MA3 တစ်လက် ၊ ကာဘိုင်သုံးလက် ၊ ၆၀ မမစိန်ပြောင်း တစ်လက် ၊ ၆၀ မမဗုံးသီး ကိုးလုံး ၊ ပလတ်စတစ်နင်းမိုင်း ငါးလုံး ၊ ယာဉ်ဖျက်မိုင်း လေးလုံးနှင့် G3 ကျည် အတောင့် ၁၂၀ တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း စစ်ဌာန အမှတ် ၂၂ ဗျူဟာ ၊ သာယာဝတီခရိုင် အမှတ် တစ်တပ်ရင်း P2-3801 ၊ တပ်ခွဲ နှစ် ၊ တပ်ခွဲခြောက်နှင့် နတ်တလင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။