By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့နယ်အနောက်ခြမ်းရှိ အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆောမြို့နယ် လူသားချင်းစာနာထောက်ထားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ မေ တစ်ရက်ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီက ဆောမြို့နယ်ရှိ အညာကတင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး အသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲ မရှိဘူး။ ရွာကို သက်သက်ကြဲသွားတာ။ စာသင်ကျောင်းဝန်းကျင်ကို။ ဒီနေ့က ရွာမှာလည်း အသုဘရှိနေတယ်။ လောလောဆယ်ကတော့ ရွာက ပြည်သူတွေရှောင်နေကြတယ်။ သေဆုံးသူ လေးဦးပါ” ဟု မြေပြင်အခြေအနေသိရှိသူ ဆောမြို့ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်ခိုင်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ပြားသာနှင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ အရပ်သားပြည်သူ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စာသင်ဆောင် နှစ်ဆောင်နှင့် လူနေအိမ် ကိုးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ (မေ တစ်ရက်)၊ မွန်းတည့် ၁၂ နာရီခွဲတွင်လည်း စစ်ကောင်စီက ကျောက်ထုတိုက်နယ်အတွင်းကို Y – 12 စစ်ထောက်ပို့လေယာဥ်တစ်စင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ ခမ်းတိုတောင်အနီးဝန်းကျင်ကို Y – 12 စစ်ထောက်ပို့လေယာဥ်အသုံးပြု၍ ဗုံး အလုံးရေ ၅၀ နီးပါး ကြဲချခဲ့ရာ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ တိုက်ပွဲမရှိဘူး။ တိုက်ပွဲမရှိလည်း ကျောက်ထုကနေ စစ်ကောင်စီစစ်ကြောင်း ထွက်တယ်။ ကျောက်ထုတိုက်နယ် အရှေ့ဘက်ထဲက ရွာတွေက စစ်ရှောင်နေကြတာ ကြာပြီ။ အဲ့ဒီ့နေ့ကလို ဗုံးအလုံးရေ ၅၀ လောက် ကြဲတာ မကြုံဖူးတော့ ကြောက်တာပေါ့” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ယမန်နေ့ (ဧပြီ ၃၀ ရက်) တွင်လည်း စစ်ကောင်စီက ချင်းပြည်နယ်နှင့် နယ်မြေချင်း ထိစပ်လျက်ရှိနေသည့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ရွှေအောင်သာကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ရွှေအောင်သာမှာက ရွာသားတွေ ရှောင်နေတာကြာပြီ။ ရွာပျက်ကြီးလိုကို ဖြစ်နေပြီ။ လမ်းမပေါ်ဆိုလည်း အပင်တွေတောင် တက်နေပြီ။ ထီးလင်းနဲ့ကတော့ နီးတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတစ်လတာအတွင်း ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ လေကြောင်းအသုံးပြု၍ ဆယ်ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယောဒေသအတွင်း၌ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်း၊ နှေးကွေးအောင်ပြုလုပ်ထားခြင်းတို့အပြင် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေအိမ်တိုင်းတွင် ဗုံးခိုကျင်းများ တူးထားကြရန်၊ လေကြောင်းအန္တရာယ် သတိထားကြရန် ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များနှင့် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဒေသအတွင်းရှိ အရပ်သားပြည်သူ ၁၉ ဦး သေဆုံးကာ၊ ၄၀ ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
စာတည်း-ကိုဆန်း