By Hsu Yee/MPA
ပဲခူးတိုင်း ၊ မင်းလှမြို့နယ်တွင် အထိနာနေသောစစ်ကောင်စီတပ်က ရွာစဉ်လှည့်မီးရှို့သည့်အပြင် လက်နက်ကြီးနှင့်လည်း ပစ်ခတ်နေ၍ ပြည်သူ သောင်းနှင့်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့ (မေလ တစ်ရက်) နံနက် ခုနစ်နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ငမိုးရိပ်ရွာကို မီးရှို့ခဲ့ပြီး စိန်ကန့်လန့်ရွာ အခြေစိုက် ခလရတစ်တပ်ရင်းနှင့် စစ်တပ်အခြေစိုက်ရာ ကျောက်တံခါးဘုရားကုန်း၊ တာကလေးရွာဘုန်းကြီးကျောင်းနှင့် စစ်ကွင်းတာဆုံတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၆၀ ကျော်မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။
“ ဒီနေ့လည်း ငမိုးရိပ်ကိုရှို့တယ်။မနေ့ကလည်း ခွက်မနဲ့ ဇရစ်မျှောင်ကို ရှို့တယ်။၂၇ရက်နေ့က အထိနာလို့ပေါ့နော်။ရွာထဲဝင်ရှို့တာ ပြည်သူတချို့ အဖမ်းခံရတာကြားပါတယ်” ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၂၂ရက်မှ စတင်၍ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ရန်ကုန်-ပြည်လမ်းမကြီး အရှေ့ဘက်ရှိ ရွာပေါင်း ၆၆ ရွာမှ ပြည်သူများ စစ်ရှောင်နေရသည်။
“ အများစုက စစ်မဖြစ်တဲ့မြို့ပေါ်နဲ့ရွာတွေဘက်ရှောင်ကြတယ်။ငွေကြေးတတ်နိုင်သူက တခြား မြို့တွေရှောင်တယ်။အနည်းစုကတော့ တောထဲမှာစစ်ရှောင်ကြရတယ်။တချို့ရွာက ရွာလုံးကျွတ် ပေါ့။တချို့ရွာက လူတချို့လောက်ပဲရှောင်တာ။စစ်ကြောင်းဖြန့်တာထက် လက်နက်ကြီးတွေနဲ့ ထုနေလို့ရှောင်ရတာ” ဟု ၎င်းကပြောသည်။
ဧပြီ ၂၇ ရက် နံနက်တွင် ငမိုးရိပ်ကျေးရွာသို့ ရောက်ရှိနေသည့် အင်အား ၇၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး သေဆုံးပြီး လက်နက်ငယ် ၁၁ လက် ၊ ၆၀ မမလက်နက်ကြီး တစ်လက် ၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
မင်းလှမြို့နယ်တွင် ဧပြီ ၂၂ ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းအပြင် မြေပြင်စစ်ကြောင်းထိုးခြင်းလည်း ပြုလုပ်လျက်ရှိသည်။
စာတည်း-ML