By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ဆီမီးခုံမြို့လယ်ခေါင်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ကို အနီးကပ်ပစ်ခတ်ခဲ့ရာ ဗိုလ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦးသေဆုံးကြောင်းသိရသည်။
ဧပြီ ၃၀ရက်၊ ညရှစ်နာရီခန့်တွင် ဆီမီးခုံမြို့လယ်ခေါင်၌ ဆိုင်ကယ်ဖြင့် ကင်းပတ်နေသည့် စစ်အုပ်စုဝင်များကို အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်နှစ်လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်သည်။
” မြို့လယ်ခေါင်ကိုဝင်ပစ်တာ။ သူတို့တပ်တွေကြားထဲဝင်ပစ်တာဗျ။ သူတို့စခန်းနားလေးမှာပဲ ပစ်ခဲ့တာ။ ကင်းပတ်တဲ့သူတွေက ပြန်မပစ်နိုင်ဘူးဗျ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် G3သေနတ်နှစ်လက်နှင့် ကျည် ၁၈တောင့် သိမ်းဆည်းရရှိခဲ့ပြီး မြို့တွင်းစစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” သေနတ်ကောက်မယ့်အချိန်မှာ သူတို့ဘက်က ပြန်ပစ်တာတွေရှိတယ်။ ဂန်း(သေနတ်)က သုံးလက်တကယ်တမ်းရမှာပေါ့နော်။ G3နှစ်လက်၊ MA3တစ်လက်။ MA3က ဗိုလ်ကကိုင်တာ။ မြို့ထဲကစခန်းနဲ့ ကျတော်တို့ပစ်တဲ့နေရာနီးတော့ကျ သူတို့ဘက်ကလည်း ပြန်ပစ်တာပေါ့။ အဲ့လိုမျိုးအနေအထားမှာ သူပစ်ကိုယ်ပစ်တွေနဲ့ ပြန်ပြီးဆုတ်ခဲ့ရတဲ့ အနေအထားမှာရှိတာဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
မြို့တွင်းစစ်ဆင်ရေးများ ဖော်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် နီးကပ်စွာသွားလာခြင်းမပြုရန် Myingyan Black Tigerက မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML