By Mg Dagon / MPA
အသက် ၆၀ ကျော်အရွယ်ရှိ လူအိုများနှင့် မသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် စစ်ကောင်စီတပ်၏ အရန်အင်အားစုကြီးဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ ဧပြီ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ(၂၀၂၅)အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဟောင်းဆိုသည်မှာ တပ်မတော်၏ အရန်အင်အားစုကြီးဖြစ်ပြီး အငြိမ်းစားယူပြီးသော်လည်း “Once a Soldier, always a Soldier” “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင် အမြဲတမ်းစစ်သား ပင်” ဆိုသည့်ဆောင်ပုဒ်ကို ဆွဲကိုင်၍ စစ်ခေါင်းဆောင်က ပြောသည်။
“…နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့အတွက် ဝမ်းသာဂုဏ်ယူတယ်” ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် စစ်ကောင်စီတပ်၏ အရန်အင်အားအဖြစ် နိုင်ငံတည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင်က ပြောသည်။
“ဟုတ်လိမ့်မယ်။ ကျနော်တို့နားက အငြိမ်းစား ရဲမှူးတွေ၊ ဗိုလ်မှူးတွေ အတော်များများ တာဝန်ပြန်ထမ်းနေရတယ်။ တချို့လည်း နောက်ကွယ်ကနေ ပြန်လုပ်ပေးနေရတာတွေရှိတယ်” ဟု ထိုသူတို့နှင့် သိကျွမ်းသည့် ရွှေပြည်သာမြို့ခံ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်အတွင်းကစတင်ပြီး တော်လှန်ရေးအင်အားစုများကြောင့် အင်အားလျော့ကျလာသည့်အတွက် စစ်ပြန်အရာရှိများနှင့် ရဲအရာရှိများကို ပစ်မှတ်ထား တာဝန်ပြန်လည်ထမ်းဆောင်ခြင်းများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်အများစုမှာ အကြောင်းအမျိုးမျိုးပြ၍ တိမ်းရှောင်မှုများပြုလုပ်နေကြသည်ဟု စစ်မှုထမ်းဟောင်းအရာရှိများနှင့် အငြိမ်းစားရဲအရာရှိများနှင့် နီးစပ်သူများထံမှ သိရသည်။
“အသက်တွေက ကြီးရင့်နေပြီ ဘယ်လိုလုပ်တာဝန်ထမ်းချင်တော့မလဲ။ တချို့လည်း ရဲရဲတောက်နေသေးတဲ့စစ်သားတွေရှိတာကြားသိရတယ်။ ဒါပေမဲ့ သူတို့လည်း အပြောပဲရှိတာပါ။ ဘယ်သူမှမသိအောင် ရှောင်တိမ်းနေကြတာပဲ။ ကျနော့်အသိ စစ်ပြန်ဗိုလ်မှူးတစ်ယောက်တော့ တာဝန်ပြန်ထမ်းဖို့ လာခေါ်မှာစိုးလို့ ဘုန်းကြီးသွားဝတ်နေလေရဲ့။ အခုတော့ ထွက်ပြီလားမသိဘူး” ဟု အသက် ၄၀ ကျော်အရွယ်ရှိ ရန်ကုန်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စကားလုံးများဖြင့် စစ်မှုထမ်းဟောင်းများကို ၎င်းလက်အောက်သို့ ဆွဲဆောင်နေသော်လည်း မြေပြင်တွင်မူ ၎င်းအပြောများနှင့် အလွန်ကွဲပြားခြားနေသည်ဟု ထိုအကြောင်းသိရှိထားသူများထံမှ သိရသည်။
နိုင်ငံလွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်ကတည်းက ဒေသအလိုက်စစ်မှုထမ်းဟောင်းအဖွဲ့များစတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်ပြန်စစ်မှုထမ်းဟောင်းများဗဟိုစည်းရုံးရေးကော်မတီနှင့် မြို့နယ်စည်းရုံးရေးကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အဆိုပါဗဟိုကော်မတီကိုဖျက်သိမ်းလိုက်ပြီးနောက် သီးခြားလွတ်လပ်သည့် စစ်တပ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ဗဟိုအမှုဆောင်အဖွဲ့ကို နာယက ၁၂ ဦး၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ၃၄ ဦးနှင့် ဗဟိုကောင်စီဝင် ၇၆ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဗဟိုအလုပ်မှုဆောင် ၃၄ ဦးကို အတည်ပြုခန့်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း