1 May 2025 By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်စခန်းထဲသို့ ရှော့တိုက်ဒုံး ခြောက်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ရက်၊ ည ၉နာရီ ၃၅မိနစ်ခန့်တွင် တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံး ပစ်ခတ်ခဲ့ရာ ခြောက်လုံးစလုံး ပစ်မှတ်ဆီသို့ ကျရောက်ခဲ့ကြောင်း Brave Warriors For Myanmar က ယနေ့ ( မေလ ၁ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
” တောင်ငူလေတပ်ရဲ့လေယာဥ်သိုလှောင်ရုံ၊ လက်နက်တိုက်နဲ့ လေကြောင်းထိန်းမျှော်စင်တွေကိုအ ဓိကထားတိုက်ခိုက်ခဲ့တာပါ။ ၁၀၇ မမ ခြောက်လုံးပစ်ခဲ့တာ ခြောက်လုံး စလုံး ပစ်မှတ်ဆီ အောင်မြင် စွာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်” ဟု Brave Warriors For Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် တောင်ငူလေတပ်ရှိ စစ်သားများက ၆၀မမ၊ ၁၂၀မမနှင့် စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
” တစ်ရက်တည်းမှာ တောင်ငူလေတပ်ရော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရောကို ပစ်ခတ်ခဲ့ရတာမို့ လုံခြုံရေးအရ စိန်ခေါ်မှုအတော်များများရှိခဲ့ပေမယ့် နောက်ဆုံးအောင်မြင်ခဲ့ပါတယ် ” ဟု ၎င်းက မှတ်ချက်ပြုသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အေလာလေတပ်စခန်းကို စစ်ကောင်စီက ပြန်လည်ပြုပြင်နေစဉ် တောင်ငူလေတပ်သို့ တိုက်လေယာဉ်အချို့ ပို့ဆောင်ထားကြောင်း BWM က ဆိုသည်။
ယင်းတိုက်ခိုက်မှုကို BWMအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ရက်၊ နံနက်အစောပိုင်းကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ်လုံးဖြင့် BWM နှင့်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
စာတည်း-ML