By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်သို့ ရောက်နေသောစစ်သားများကို ပကဖရဲဘော်များ က ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၃၀ရက်၊ နေ့ခင်း ၁၁နာရီခွဲခန့်တွင် ရေဦးမြို့တောင်ဘက်အထွက်ရှိ ထွန်းစက်ရုံ(လယ်ယာသုံး ပစ္စည်းစက်ရုံ)သို့ ရောက်ရှိ နေသည့် စစ်သား ၁၅ဦးကို ၈၀မမလေးလုံးနှင့် ၄၀မမ ငါးလုံးတို့ဖြင့် ပစ်ခတ်ပြီးနောက် ကြိုတင်ခြုံခိုနေရာယူထားသည့် ရဲဘော်များက လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” လက်နက်ကြီးနဲ့ပစ်ပြီးမှလက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ကြတာပါ။ လက်နက်ကြီး နဲ့ က စက်ရုံထဲပစ်လိုက်တော့ သူတို့အပြင်ဘက်ထွက်လာတဲ့ အချိန် တိုက်ပွဲဖြစ်တာပါ” ဟု ရေဦးမြို့နယ်ပကဖ တာဝန်ခံက MPA သို့ပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က ရဲဘော်များရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
” နောက်ဆက်တွဲအနေနဲ့ ပစ်ခတ်မှုအပြီးမှာ ထူးထူးခြားခြား ဘာမှလုပ်တာမရှိပေမဲ့ လက်နက်ကြီးတွေနဲ့ ရဲဘော်တွေ ရှိမယ်ထင်တဲ့နေရာတွေကိုပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (မေလ တစ်ရက်) နံနက် ၁၀နာရီကျော်အထိ ယင်းစက်ရုံအနီးတစ်ဝိုက်၌ စစ်သားများ ရှိနေသေးကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML