By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ နှစ်ဘက်လုံး ကျဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လေးရက်၊ နံနက် ငါးနာရီခန့်မှစ၍ ယနေ့(၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်) အထိ ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ နှစ်ဘက်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။
“ ဗန်းမော်မှာက စစ်ကောင်စီရော၊ KIA ရော အကျများနေတာ ဟုတ်တယ်။ ဘာလို့ဆို စကခ ၂၁ ဝင်တိုးရမဲ့ အပေါက်က ကျဥ်းပြီး အင်အားက များနေတာ၊ ဒူဝါသုံးယောက်ကို PDF အင်အား ၅၀၀ ဝန်းကျင်နဲ့တဲ့။ အဲ့ဒါဆိုတော့ စစ်ကောင်စီဘက်က ပစ်ရင် ထိမိကြတယ်လို့ ပြောတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသတင်းများနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်း သတင်းရေးသားနေသည့် Banmaw Scout Team ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများအသုံးပြု၍ အပြင်းအထန်ခုခံနေသည့်အတွက် နှစ်ဘက်ထိခိုက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက်၌ ဖော်ပြထားသည်။
နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့အတွင်းရှိ ပြည်သူများ၏ နေအိမ်များနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လေကြောင်းနှင့် အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုများလည်း များပြားခဲ့သည်။
ယမန်နေ့(ဧပြီ ၂၉ရက်)ကလည်း အထိနာနေသည့် စစ်ကောင်စီလက်အောက်ခံ စကခ ၂၁မှ KIA ထံလက်နက်ချ အညံ့ခံသူများထဲ၌ စစ်ကောင်စီတပ်သား၊ ရဲမေများ အပြင် ကိုယ်ဝန်ဆောင်များလည်း ပါဝင်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
“ လက်နက်ချ အလင်းဝင်လာကြတာ ဟုတ်တယ်။ အရေအတွက်များတယ်လို့ပဲ သိရတယ်။ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ် ” ဟု မြေပြင်အခြေအနေအား သိရှိသည့် အသက် ၃၀အရွယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၅ရက်မှစတင်ကာ KIA က ဗန်းမော်မြို့ကို ထိုးစစ်ဆင်မှု အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်မည့် အနေအထားရောက်ရှိနေကြောင်း ဗန်းမော်ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဗန်းမော်ဘက်ကို အခြေအနေသွားကြည့်တဲ့သူတွေ ပြောတာကို ပြန်ကြားရတာတော့ စစ်ကောင်စီက မြို့ကို လက်လွှတ်ရဖို့ သေဆချာနေပြီလို့ သိရတယ် ” ဟု ၎င်းက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်တပ်များ အပြန်အလှန်ပစ်ခတ်မှုနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာသိမ်တော်ကြီးစေတီ၊ လီဆူနှစ်ခြင်းဘုရားကျောင်း၊ ကရင်နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ ဗဟာရီးဗလီ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အ.ထ.က ၂ ကျောင်း၊ နေအိမ်များ၊ စျေးနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုအပြင် အရပ်သားသေဆုံးမှုများလည်းရှိနေသည်။
တိုက်ပွဲများကြောင့် ကချင်စု၊ ပင်စင်ကုန်း၊ ရှမ်းဝိုင်း၊ မင်းကုန်း၊ မင်းကျောင်းကုန်း၊ အလယ်ရပ်၊ ညောင်ပင်ရပ်၊ ကုက္ကိုတော၊ နှစ်မိုင်၊ သုံးမိုင်၊ ခုနှစ်မိုင်၊ ဗဟာရီး၊ နောင်ခို၊ မင်းလှ၊ ရွှေကျီးနားနှင့် ခြောက်လကုန်းရှိ ပြည်သူများ၏ နေအိမ်အဆောက်အဦများမှာလည်း မီးလောင်ပျက်စီးနေကြောင်း သိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့်အတူ အာရက္ခတပ်တော်(AA)၊ KPDF တပ်ဖွဲ့ဝင်များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကိုလည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခု ဖြစ်သည်။