30 Apr 2025 By Ra Wai / MPA
ပဲခူတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးရှစ်လုံး ပစ်သွင်းနိုင်ခဲ့ပြီး ထိခိုက်မှုကြီးမားကြောင်း သိရသည်။
ယနေ့ (ဧပြီ ၃၀ရက်) နံနက် တစ်နာရီခွဲခန့်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmarအဖွဲ့က သတင်းထုတ်ပြန်သည်။
” ရှစ်လုံးစလုံး တပခထဲကို ကျပါတယ်။ ထိခိုက်မှုကြီးတယ်လို့ သိရပါတယ်။ ချိန်ပစ်တဲ့ပစ်မှတ်ထဲမှာ တိုင်းမှူးအိမ်လည်းပါပါတယ် ” ဟု Brave Warriors For Myanmarအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ပစ်ခတ်မှုပြီးနောက် စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ငယ်များ ဖြင့်ပစ်ခတ်မှုရှိပြီး တစ်နာရီကျော်ကြာပြီးနောက် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ ရဲဘော်တွေအားလုံးအခုဆိုရင် ဌာနေစခန်းအသီးသီးကိုဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိခဲ့ပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ကြောင့် နေပြည်တော်ရှိ စစ်ရုံးများ ပြိုကျပျက်စီးသွားသဖြင့် စစ်ကောင်စီအကြီးအကဲအချို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း လာရောက်ရုံးထိုင်နေကြောင်း သတင်းအရ ယခုကဲ့သို့ BWM Mission 35 ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသည့် နေရာများရှိ တော်လှန်ရေးအင်အားစုများနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား အမိန့်ပေးကွပ်ကဲရန် ခြေကုပ်ယူထားသည့် တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း BMWကဆိုသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်းအထူးဒေသ အဖွဲ့ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း-ML