By Nway / MPA
မန္တလေးတိုင်း၊ တောင်သာနှင့် ကျောက်ပန်းတောင်းမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် တပ်နှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် ငါးဦးသေဆုံးပြီး အယောက်၄၀ကျော် ဒဏ်ရာရကာ နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
ဧပြီ ၂၆ရက်တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းမှ ထွက်လာသည့် အင်အား ၁၂၀ပါစစ်ကြောင်းသည် တောင်သာမြို့နယ်၊ တောပြားနှင့် တံတားကျေးရွာသို့ ဝင်ရောက်တပ်စွဲပြီး ဧပြီ ၂၇ရက်၌ တောင်ခမောက်ရွာသို့ ထပ်မံထွက်လာစဉ် နံနက် ခုနှစ်နာရီခန့်၌ PDFတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Popa Guerrilla Force (PGF) က ယနေ့ (ဧပြီ ၃၀ရက်) သတင်းထုတ်ပြန်သည်။

” ကျတော်တို့နဲ့ မဟာမိတ်တပ်ဖွဲ့တပ်စိတ်တစ်စိတ်နဲ့ သူတို့စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့တယ်။ တိုက်ပွဲတစ်နာရီနီးပါးလောက်ဖြစ်တယ်ပေါ့နော်။ အဲ့မှာ ကျတော်တို့တပ်စိတ်က ခဲယမ်းနည်းလာတဲ့အတွက် နောက်ကို ပြန်ဆုတ်ခဲ့တယ်။ ပြန်ဆုတ်ပြီးတော့ မဟာမိတ်တွေနဲ့ နာရီဝက်လောက်ထပ်ပြီး တိုက်ပွဲပြန်ဖြစ်တယ်။ အဲ့အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်မှု တစ်ကြိမ်ပေါ့နော်။ ပေါင်၅၀၀နဲ့ missile တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်” ဟု Popa Guerilla Force(PGF)တပ်ဖွဲ့ ၊ဒုတာဝန်ခံ ရဲဘော်ဗျတ္တက MPA သို့ပြောသည်။
PDF တပ်ဖွဲ့များပြန်လည်ဆုတ်ခွာပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် တောင်ခမောက်ကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ထို့နောက် ဧပြီ ၂၈ရက်တွင် ယင်းစစ်ကြောင်းသည် တောင်ခမောက်ရွာမှ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာရွာသို့ ထွက်လာစဉ် နံနက် ကိုးနာရီမှ ညနေလေးနာရီအထိ PDF တို့က ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့သည်။
” တနေကုန်နီးပါးတိုက်ပွဲဖြစ်တာဗျ။ တိုက်ပွဲအတွင်းမှာ ညနေပိုင်းကို ဒီကောင်တွေ လေကြောင်းပစ်ခတ်မှုနှစ်ကြိမ်ကို အပြင်းအထန်လုပ်ခဲ့တယ်။ ကျတော်တို့လည်း ခဲယမ်းနည်းနေတဲ့အချိန် သူတို့လေကြောင်းအပြင်းအထန်တိုက်လို့ ပြန်ပြီးဆုတ်ပေးခဲ့ရတာဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းနှစ်ရက်တာတိုက်ပွဲအတွင်း ရဲတပ်ကြပ်အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး၏ ရုပ်အလောင်းများ သိမ်းဆည်းရမိပြီး အရာခံဗိုလ်တစ်ဦးအပါအဝင် ၄၃ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် M-22 သေနတ်နှစ်လက်၊ Equipment တစ်ခု၊ လက်ပစ်ဗုံးသုံးလုံး၊ စကားပြောစက် လေးလုံး၊ ကျည် အတောင့် ၈၀နှင့် အခြားဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ဧပြီ ၂၈ရက် ညနေပိုင်းတိုက်ပွဲပြီးချိန်၌ စစ်ကြောင်းအတွင်းမှ ထွက်ပြေးသွားသောစစ်သားများ သည် စစ်ကြောင်းနှင့်အတူ ပြန်ပေါင်းကာ ဒဏ်ရာရသူများနှင့်တကွ ငါ့သရောက်မြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Popa Guerilla Force(PGF)၊ ပုဂံပြည်ဘီလူးတပ်၊ (21)Bagan၊ မြင်းခြံခရိုင်တပ်ရင်းသုံး၊ညောင်ဦးခရိုင်တပ်ရင်းငါး၊ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ ရန်ကြီးအောင်တပ်၊မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Scorpions People Defend Forceတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML