By Ko Paing / MPA
ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊မူးနှင့်ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလေးဦးသေဆုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ ကြောင်း သိရသည်။
ဧပြီ၂၈ရက်တွင် ညောင်လေးပင်ခရိုင်၊မူးမြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြောင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ် ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(ဧပြီ၃၀ရက်) သတင်းထုတ်ပြန်သည်။
“အခု ဒီနှစ်ထဲမှာ ကျတော်တို့ ညောင်လေးပင်ခရိုင်ထဲကို စစ်တပ်က ဗုံးကြဲတာ ပိုလုပ်လာတယ်လို့ ထင်တယ်။ဒီဘက်ခြမ်းမှာ တော်လှန်ရေးတပ်တွေလည်း ပိုလှုပ်ရှားလာတာနဲ့လည်း ဆိုင်မယ်ထင် တယ်။စစ်တပ်ကတော့ သူတို့ကိုဘာမှ ပြန်မလုပ်နိုင်တဲ့ ပြည်သူကို မဲတာပဲ။ ငလျင်လှုပ်ပြီးတော့ လည်း တောက်လျှောက် စစ်တပ်က လုပ်(တိုက်ခိုက်)နေတာပဲ။ကျတော်တို့မြို့ပေါ်တော့ အခုထိ နေ လို့ရတုန်းပါပဲ”ဟု ညောင်လေးပင်မြို့၊မြို့မ/နှစ်ရပ်ကွက်နေပြည်သူတစ် ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ၂၈ရက်တွင် မူးမြို့နယ်၊ နိုကလော်၊ တောင်စု အရှေ့၊ တောင်စု အနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်နှင့် ရွာကြီးအင်းသို့ လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့ရာ ရွာကြီးအင်းရွာမှ အသက်၂၇နှစ်အရွယ် အမျိုးသားတစ် ဦး ကျည်သင့်သေဆုံးခဲ့သည်။
ဧပြီ၂၈ရက်၊နံနက်၁၀နာရီခွဲတွင် မူးမြို့နယ်၊ကညင်တိုင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသုံး ဦး သေဆုံးပြီး အသက်နှစ်နှစ်မပြည့်သေးသည့်ကလေး(မ)တစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ ဒဏ်ရာရ ကာ အိမ်လေးလုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
ဧပြီ၂၈ရက်မှာပင် ရွှေကျင်မြို့နယ်၊ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေထောက် နှင့် သရက်သမိန် နေရာ များအတွင်းသို့ လေယာဥ်နှင့် လက်နက်ကြီးများဖြင့် စစ်တပ်က အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာ သရက်သမိန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူများနေထိုင်ရာနေရာများကို
ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ နေ့စဉ် လေယာဥ်၊ လက်နက်ကြီးအမျိုးမျိုး နှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်နေကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။
စာတည်း-ML