By Hsu Yee / MPA
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ်အတွင်း စစ်ကြောင်းထိုးလာသောတပ်ကို PDF တို့ မိုင်းဆွဲခဲ့ရာ စစ်သားလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၈ ရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ချောက်မြို့နယ်မှ ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ်ရဲစခန်းသို့ စစ်ကား နှစ်စီးဖြင့်အင်အား ၆၀ ခန့်ပါ စစ်ကြောင်းရောက်ရှိခဲ့ပြီး ညနေ ငါးနာရီခန့်၌ စဉ့်ကူတိုက်နယ်ရှိ တပ်မရေနံမှော်သို့ စစ်ကြောင်းထိုးလာစဉ် Bagan Bo Cho နှင့်မဟာမိတ်တပ်များက ပဒေသာမိုင်း ခြောက်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bagan Bo Cho အဖွဲ့က သတင်းထုတ်ပြန်သည်။
“ ဘယ်ရင်း (စစ်ကောင်စီတပ်ရင်း) ကလဲတော့မသိဘူး။ နယ်မြေရှင်းတာပါ။ နယ်မြေအသစ်ဆိုတော့ PDF တွေစိုးမိုးမှာ ကြောက်လို့ အဲ့ဒီနယ်မြေတွေကို ခဏခဏစစ်ကြောင်းထိုးတာပါ” ဟု Bagan Bo Cho အဖွဲ့မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ်ကျော်ကြာ ဖြစ်ပွားခဲ့ကာ အင်အားမမျှသောကြောင့် PDF တို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
သေဆုံးစစ်သားတို့၏ အလောင်းများကို တိုက်ပွဲဖြစ်ပွားသည့်နေရာ၌ပင် ကျန်စစ်သားတို့က မီးရှို့ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၉ ရက်) မွန်းလွဲပိုင်းအထိ တပ်မရေနံမှော်ရှိ ရွာထဲ၌ ရှိနေသေးကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။