By Nway / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ကျန်ရှိနေသည့် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်သည်။
ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော ဗန်းမော်စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light ဟိုတယ်၊ ကန်ဦးကျောင်း၊ အထကတစ်ကျောင်း၊Galaxy KTV နှင့် ယင်းနေရာများနှင့်နီးစပ်သောနေရာများကို ထိုးစစ်ဆင်နေသလို တပ်စခန်းများဖြစ်သည့် ခလရ ၄၇ နှင့် စကစ ၂၁ (အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) တို့ကိုလည်း ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“မြေပြင်မှာ စစ်တပ်က ဘယ်လိုမှ မယှဉ်နိုင်လို့ လေကြောင်းပစ်ကူက နေ့တိုင်း တော်တော်ပစ်ပေးရ တယ်။အောက်ကစစ်သားတွေကတော့ အသေခံတိုက်ပဲ။ကေအိုင်အေက မြို့တွင်းမှာ အသာစီးကနေ တိုက်နေပေမဲ့ မြို့ကိုရဖို့ လိုသေးတယ်လို့ထင်တယ်”ဟု ရွှေကူမြို့တွင် စစ်ဘေးရှောင်နေသော ဗန်းမော်ဒေသခံတစ်ဦး က MPA သို့ပြောသည်။
စစ်တပ် တပ်စွဲထားသည့် ကချင်စုရပ်ကွက်ရှိ Robert KBC CHURCH နှင့် အလက သုံး ကျောင်းအနီး တစ်ဝိုက်ကို ဧပြီ ၂၇ ရက် ညနေပိုင်းတွင် ကေအိုင်အေနှင့် မဟာမိတ်တို့က သိမ်းပိုက်ခဲ့ပြီး ဆုတ်ခွာ သွားသောစစ်သားများသည် Galaxy KTV နှင့် လမ်းတစ်လျှောက်၌ အင်အားဖြည့်တင်းထားကြောင်း Banmaw Scout Team က ဆိုသည်။
စစ်တပ်ဘက်က လေကြောင်း၊ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြင်းထန်စွာလုပ် ဆောင်နေပြီး ကချင်စုရပ်ကွက်နှင့်မင်းကျောင်းကုန်းရပ်ကွက် တို့တွင် နေအိမ်အပျက်အစီးများကြောင်း သိရသည်။
“အိမ်တွေကတော့ ဗန်းမော်တစ်မြို့လုံးပျက်နေပြီ။ မြေကိုတော့ စစ်တပ်က ဗုံးကြဲဖျက်လို့မရဘူး။ အိမ်ပျက်လည်း တဲထိုးနေမယ်။အိမ်ပြန်ချင်ပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။
အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ၏ ကာကင်းစခန်းငါးခုထက်မနည်းနှင့် ဗန်းမော်မြို့တွင်း စစ်တပ် တပ်စွဲထားသော နေရာအချို့ကို ကေအိုင်အေနှင့် မဟာမိတ်တို့က ဧပြီ၂၆ရက် နံနက်ပိုင်း၌သိမ်းပိုက်ခဲ့သေးသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလေးရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး KIA၊ AA၊ ABSDF၊ KPDF နှင့် ဗန်းမော် မြို့ခံ UGအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။