By Ko Paing / MPA
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်တပ်နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး သေနတ် ၁၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊အမှတ်-၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
ယနေ့ (ဧပြီ ၂၈ ရက်) နံနက်ပိုင်းတွင် မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာဘက်မှ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ငမိုးရိပ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဇရစ်မြောင်ကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲမှာ ၂ နာရီခွဲခန့် ကြာပြီး စစ်ကောင်စီတပ် အထိနာသဖြင့် စစ်ကူစစ်ကြောင်းမှာ တောင်ပြတ်ကျေးရွာမှ တစ်ဆင့် ဂန့်ဂေါ်ပင်ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာသည့်အပြင် Mi 35 ရဟတ်ယာဉ်တစ်စင်း၊ ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကာ နေ့လယ်ပိုင်း၌ ထောက်ကြံ့ကျေးရွာဘက် သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
“ကြားရတဲ့သတင်းက တကယ့်ကို အနှစ်ကြီးပဲ။ စစ်သားတွေ တော်တော်လေးခံရတယ်။ PDF တွေက နယ်မြေကျွမ်းကျင်မှုနဲ့ သတင်းရရှိမှု အားသာချက်ကို ကောင်းကောင်းအသုံးချပြီး ချက်ကောင်းကနေ စောင့်ပစ်တာ။စစ်တပ် ဘယ်လောက်အထိနာသလဲဆိုရင် လေယာဉ်တွေဘာတွေနဲ့ လာပစ်ပြီး အောက်က စစ်ကြောင်းကို ဆုတ်လမ်းပေးရတဲ့အထိပဲ။ရွာဘက်ကအသိဆီကနေ ကြားရတာ”ဟု မင်းလှမြို့ခံတစ်ဦးက MPA သို့ပြောသည်။
တိုက်ပွဲအပြီးတွင် လက်နက်ငယ် ၁၁ လက်နှင့် ကွန်မန်ဒိုပြောင်းတိုတစ်လက်၊ခဲယမ်းများနှင့် ဆက်စပ် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“မင်းလှမှာ ဆက်တိုက်တိုက်ပွဲဖြစ်နေတယ်။တိုက်ပွဲတိုင်းလည်း စစ်တပ်ရှုံးနေတော့ လေကြောင်းက နေပြည်သူကို ဒုက္ခပေးမှာတော့ တော်တော်ကြောက်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ်နှစ် စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၁ တပ်ရင်း၊ ၃၈၀၁ တပ်ရင်း၊ ၃၈၀၂ တပ်ရင်း၊ ၃၈၀၃ တပ်ရင်းနှင့် ACDS Asho Chin Defense Force တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။
စစ်သားများသေဆုံးမှုကို သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။