By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး တစ်ဦးအား သတ်ဖြတ်ထားကြောင်းသိရသည်။
ဧပြီ ၂၆ ရက်၊ နံနက် နံနက် နှစ်နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့မှထွက်လာသည့် အင်အား ၁၅၀ ပါ စစ်ကောင်စီစစစ်ကြောင်းသည် တောင်သာမြို့နယ်၊ တံတားအနောက်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အမျိုးသားငါးဦးကို ဖမ်းဆီးကာ ရွာထဲ၌ပင် အထိုင်ချတပ်စွဲခဲ့ကြောင်း ဧပြီ ၂၇ ရက် နံနက်အစောပိုင်းတွင် ရွာတောင်ဘက်တောထဲသို့ စစ်ကြောင်းထွက်စဉ် စစ်ရှောင်ပြည်သူလေးဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
” သူတို့ပြောတဲ့စကားတွေကတော့ တော်လှန်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေ ဖုန်းထဲမှာတွေ့ရင် ပစ်သတ်မယ်။သူတို့ကို PDF တွေက လာတိုက်ခိုက်ရင် ရွာကိုမီးရှို့မယ်။ အဲ့လိုတွေပြောပါတယ်” ဟု ၎င်းက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ဓားစာခံများနှင့်အတူ တောင်ခမောက်ရွာသို့ဝင်လာသည့် ဧပြီ ၂၇ ရက်၊ နံနက် ရှစ်နာရီခွဲခန့်၌ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိခိုက်မှုဖြစ်ပွားပြီးနောက် ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ နေအိမ်များအား မီးရှို့ခဲ့ကြောင်း သိရသည်။
” တိုက်ခိုက်ခံလိုက်ရတဲ့ စစ်သားတွေဟာ တောင်ခမောက်ရွာကိုမီးရှို့ပါတယ်။ မီးရှို့ခံရတဲ့ထဲမှာကုန်တင်ကား ၁၂ ဘီးကား၊ တွဲကားတွေလည်းပါသွားတယ်ဗျ။ နံနက် ကိုးနာရီခွဲမှာလည်း တောင်ခမောက်ရွာအနောက်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဓားစာခံအရေအတွက်နှင့် သတ်ဖြတ်ခံရသည့် ပြည်သူအရေအ တွက်သည် ယခုထက်ပိုရှိနိုင်ပြီး တိကျစွာ အတည်ပြုနိုင်သည့်အခြေအနေမရှိသေးကြောင်း ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် တံတားအနောက်ရွာ၊ တံတားအရှေ့ရွာနှင့် တောင်ခမောက်ကျေးရွာတို့မှ ပြည်သူထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၈ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထောက်ရှာရွာမြောက် ဘက်ကုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။