By Maung Dagon / MPA
လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့သော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်လက်နက်များ အရည်အသွေးပိုမိုကောင်းမွန်အောင် ထုတ်လုပ်ရန် ၎င်း၏ ဩဇာခံများကို အမိန့်ပေးလိုက်သည်။
ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းဆိုတာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တဲ့အတွက် အရည်သွေးပိုကောင်းသည်ထက် ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။
အကြီးအကျယ်စစ်ရှုံးနေသော စစ်ကောင်စီခေါင်းဆောင်က မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ကပစများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများကို သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်လည်း အမိန့်ပေးသွားသည်။
၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့ကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ယနေ့သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ တည်ထောင်ခဲ့သည့် (၇၅)နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
ထိုသို့ စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များမှတစ်ဆင့် စစ်လက်နက်ပိုမိုထုတ်လုပ်ရန် ပြောဆိုနေသော်လည်း တော်လှန်ရေးအင်အားစုများဘက်ကမူ ယင်းစက်ရုံများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည့်အတွက် ပိုမိုထုတ်လုပ်ရန် အခွင့်မသာတော့ကြောင်း မှတ်ချက်ပြုပြောကြားသည်။
“သူတို့မှာ အဲဒီအခွင့်အရေးမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တလရအားက ပိုကောင်းလာတာကြောင့်ပါ” ဟု ကပစစက်ရုံအများအပြားတည်ရှိသည့် မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးကလည်း “သူတို့အားကိုးလို့ရတာ အဲဒီစက်ရုံတွေပဲ ရှိတော့တယ်။ ဒါပေမဲ့ AA ကလည်း ပဲခူးနဲ့ မကွေးက စက်ရုံတွေကိုဖြိုဖို့ ကြံနေပြီ။ ကျနော်တို့လည်း လက်လှမ်းမီသလောက် ဖြိုနိုင်အောင် ကြိုးပမ်းနေပါတယ်” ဟု မှတ်ချက်ပေးပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဘက်က စစ်ကောင်စီတပ် ထိန်းချုပ်နိုင်သည့် နယ်မြေမှာ လေးပုံ တစ်ပုံပင်မပြည့်တော့ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ယခု ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးကို အဆုံးသတ်နိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က အားစိုက်လုပ်ဆောင်ကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသွားသည်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၃)ကို ယမန်နေ့ ဧပြီ ၂၆ ရက် သန်းခေါင်ယံအချိန်တွင် ၁၀၇ မမရှော့တိုက်ဒုန်း ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်တွင် ကပစ စက်ရုံ ၂၅ ခုနှင့် အကြီးစားစက်ရုံ(တကစ) ၄ ခုထက်မနည်းတည်ဆောက်ပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည်။
ထိုကပစစက်ရုံ ၂၅ ခုအနက် အများဆုံးအနေဖြင့် မကွေးတိုင်းအတွင်း ၁၅ ရုံနှင့် ပဲခူးတိုင်းက ဒုတိယအများဆုံးအနေဖြင့် ၇ ရုံ၊ နေပြည်တော်၊ တပ်ကုန်းမြို့အတွင်း ၂ ရုံနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်း ၁ ရုံ ရှိကြောင်း သိရသည်။
စာတည်း-ကိုဆန်း