By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုလအတွင်း ၁၀ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MPA မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်မှစ၍ ယနေ့(ဧပြီ ၂၇ရက်)ထိ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာများ၊ မိတ္ထီလာအခြေစိုက် တပ်မတော်အကြီးစားစက်ရုံ (တကစ – ၁၀) မှ ထုတ်သည့် စက်တပ်လေထီး(Paramotor) များ အသုံးပြု၍ တောင်သာမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထက်ပါအတိုင်း လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည့်အပြင် နေအိမ် ၂၀ခန့် ပျက်စီးခဲ့ရသည်။
“ တောင်သာနယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ခြမ်းက ရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုအတော်ခံနေရတယ်။ တိုက်ပွဲဖြစ်တာမျိုးတွေလည်း မရှိဘူး။ ညအိပ်ကောင်းတဲ့အချိန်ဆို စက်တပ်လေထီးတွေ တောက်လျှောက်တက်လာပြီး ကြဲတာ၊ တစ်ခါတလေ သေနတ်နဲ့ ရမ်းပစ်သွားတာတွေလည်း ရှိတယ်” ဟု အသက် ၃၀ အရွယ် တောင်သာမြို့ ခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နှင့် ၂၁ ရက်၊ နံနက် သုံးနာရီဝန်းကျင်၌ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး(Paramotor)အသုံးပြုပြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ငါးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနှစ်လုံး ပျက်စီးခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်၊ ၂၁ ရက်နှင့် ၂၅ ရက်၊ မွန်းလွဲ သုံးနာရီဝန်းကျင်၌လည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ပျက်စီးခဲ့ရသည်။
ထိုကဲ့သို့ စစ်ကောင်စီက စက်တပ်လေထီးနှင့် ဂျက်ဖိုက်တာများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် တောင်သာမြို့နယ်အတွင်းရှိ မကျီးပင်တဲ၊ သံဘို(ရွာသစ်)၊ ခြုံကြီး၊ သဲတော၊ နန်းတည်ကျေးရွာများအပြင် နယ်မြေချင်းထိစပ်နေသည့် မလှိုင်မြို့နယ်အတွင်းရှိ သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ ဘွတ်ငယ်၊ ရွာတန်းရှည်၊ သရက္ကန်ကျေးရွာတို့သည်လည်း စစ်ကောင်စီ၏ ဗုံးကြဲသည့် ဒဏ်ကို ခံစားနေရသည်။
“ မလှိုင်မြို့နယ်ထဲမှာက တိုက်ပွဲရယ်လို့ မရှိသေးဘူး။ သက္ကယ်ကျင်းနဲ့ နှောကန်ရွာဘက်မှာဘဲ ပျူစောထီးနဲ့ ရဲစခန်းရှိနေတာ၊ ကျန်တဲ့ရွာတွေက ဘာမှမရှိတာကို စက်တပ်လေထီးနဲ့ရော၊ အပေါ်ကနေ သေနတ်နဲ့ရော ပစ်တာ။ တိရစ္ဆာန်တွေလည်း သေကြတယ်။ လူသေတာတော့ မရှိဘူး” ဟု မလှိုင်မြို့မှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် တောင်သာမြို့နယ်နှင့် ထိစပ်နေသည့် နွားထိုးကြီးမြို့နယ်တွင်လည်း စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် မြင်းခြံမြို့ ခမရ – ၁၅ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခက်နေသည့်အတွက် ဒေသခံပြည်သူအများစုမှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“ ကျတော်တို့ မြို့နယ်ထဲမှာတော့ ခန့်မှန်းစစ်ရှောင် အိမ်ထောင်စု ၁၅၀၀ ဝန်းကျင် ရှိနိုင်ပါတယ်ဗျ၊ ရွာလုံးကျွတ် နီးပါးလောက် ရှောင်ရတဲ့ရွာက ငါးရွာနီးပါးလောက်ပါ၊ လေကြောင်းအန္တရာယ်အတွက် ရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတူးဖို့ အသိပညာပေးတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာမျိုးတွေ ရှိပါတယ်ဗျ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ရွာကြီး၊ ရွာသစ်၊ ကန်နှောင်း၊ လုံးတော၊ သမန်းတော၊ ဆနွင်းတော်ဘိုး၊ လက်ဝဲ ၊ မြင်းနီနှင့် လေးရွာဆုံကျေးရွာတို့မှ ငွေကြေးတတ်နိုင်သူအချို့မှာ မြင်းခြံ၊ မလှိုင်နှင့် မိတ္ထီလာမြို့နယ်များသို့ စစ်ရှောင်နေကြကြောင်း သိရသည်။
“ မလှိုင်မှာ စစ်လာရှောင်တာတော့ နှစ်လကျော်လောက်ပဲ ရှိဦးမယ်။ ကျမသားလေးဆို ခြောက်နှစ်သားလေးက လေယာဥ်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရသွားတယ်။ လေယာဥ်ဖြတ်သွားတာနဲ့ ပုန်းပြီးသားဖြစ်နေတယ်” ဟု နွားထိုးကြီးမြို့နယ်မှ မလှိုင်မြို့နယ်သို့ စစ်ရှောင်လာသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လက်ရှိအချိန်ထိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။
စာတည်း-ကိုဆန်း