By Ra Wai / MPA
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကပစ ၁၃ကို ရှေ့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ဓာတုစက်ရုံနှင့် ဆီလှောင်ကန်မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးကြောင်းသိရသည်။
ဧပြီ ၂၅ ရက်၊ ည ၁၂ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကပစ ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့ရာ သုံးလုံးမှာ Primer Workshop ( အစပျိုးယမ်းထုတ်သည့် စက်ရုံ)သို့ ကျရောက်ပေါက်ကွဲပြီး Chemical Shop (ဓာတုစက်ရုံ) တစ်လုံးနှင့် ဂါလံ ၅၀၀၀ ဆန့် မီးထိုးဆီ သိုလှောင်ကန်မီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors For Myanmar က သတင်းထုတ်ပြန်သည်။
” ကျတော်တို့သတင်းရင်းမြစ်တွေရှိပါတယ်ခင်ဗျ။ အစပျိုးယမ်းလိုဟာမျိုးတွေထုတ်တဲ့စက်ရုံပါ။ ကိန်းဂဏန်းအတိအကျ မသိရလို့ပါဗျ” ဟု Brave Warriors For Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် အရာရှိသုံးဦးအပါအဝင် စစ်သား ခုနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း BMW က ဆိုသည်။
အရာရှိသုံးဦးတွင် ညာဘက်နားရွက်ပြတ်ထွက်သွားသူတစ်ဦး၊ ဘယ်ခြေသလုံးအစဖောက်ထွက် သူတစ်ဦးနှင့် ကျန်တစ်ဦးမှာ ကျောတပြင်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို မကွေးမြို့၊ အမှတ် ၁၆တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့နှင့် Eagle Brigade အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။