By Ra Wai / MPA
ပဲခူးတိုင်း၊ ကံမမြို့နယ် ရဲကင်းစခန်းကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဧပြီ ၂၅ ရက်၊ နံနက် ငါးနာရီခန့်တွင် ကံမမြို့နယ်၊ သရက်-ကံမ-ပြည် ကားလမ်းမဘေး၊ ကပစ ၂၃ နှင့် ၁၃ မိုင်အကွာ၊ ရေနံ့သာကျေးရွာရှိ စခန်းမှူး မြတ်သွင်အောင်ဦးဆောင်သည့် အင်အား ၁၇ ဦး ရှိရဲကင်း စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်သားများက လက်နက်ချအညံ့ခံမည်ဟုဆိုသဖြင့် တိုက်ခိုက်မှုရပ်နားထားစဉ် စခန်းမှူးနှင့် ရဲများ လက်နက်နှင့်တကွ ထွက်ပြေးသွားကြောင်း သရက်ခရိုင်အမှတ်လေးတပ်ရင်းက သတင်းထုတ်ပြန်သည်။
” ကျနော်တို့ စတင်ပစ်တဲ့အချိန် မိနစ် ၂၀ လောက်မှာ အဲ့ခါမှ ကျတော်တို့က သူတို့ကို လက်နက်ချဖို့ စည်းရုံးတာပေါ့နော်။ စည်းရုံးတဲ့အခါမှာ သူတို့ဘက်က လက်နက်ချပါမယ်ဆိုပြီး ပြောလာတဲ့အခါမျိုး ပါ။ အဲ့ဒါမျိုးမှာ ကျနော်တို့ဘက်က အပစ်ရပ်ပြီး အခြေအနေစောင့်ကြည့်တဲ့အချိန်မှာ သူတို့တွေက စခန်းရဲ့အနောက်မှာ ချောင်းရှိပါတယ်ဗျ။ အဲ့ဘက်ကိုထွက်ပြေးသွားပါတယ်” သရက်ခရိုင်အမှတ်လေးတပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။
ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသဖြင့် ကင်းစခန်းထဲသို့ ဝင်ရောက်ရှင်းလင်းစဉ် ရဲတပ်ကြပ်တစ်ဦးကို ဖမ်းမိခဲ့ပြီး G3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်မျိုးစုံတစ်ထောင်ကျော်၊ ကားနှစ်စီး၊ ဆိုင်ကယ်လေးစီးနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကာ ကင်းစခန်းအား မီးရှို့ဖျက် ဆီးခဲ့ကြောင်းသိရသည်။
” ဒီတပ်ကြပ်ကတော့ သူကတော့ ပြောရမယ်ဆိုလို့ရှိရင် ယောင်တောင်တောင်နဲ့ ကျန်ရစ်ခဲ့တာပေါ့။ အဲ့လိုအနေအထားမျိုးပါ။ သူကိုယ်၌ကလည်း ဖမ်းဆီးအညံ့ခံဖို့အတွက် ကျန်ရစ်ခဲ့တဲ့သဘောမျိုးပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရေနံ့သာရွာပတ်ဝန်းကျင်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး မင်းတုန်း၊ ငါးမိုင်းဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ်လေး တပ်ရင်းမှ တပ်ခွဲတစ်နှင့် တပ်ခွဲနှစ်တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။