By Ko Paing / MPA
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ ၊သပြေတောင်ကုန်းတန်းအနီးတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၊ ခလရ ၅၃ မှထွက်လာသည့် အင်အား ၅၀ ပါစစ်ကြောင်းသည် ဧပြီ ၂၃ ရက်၊ ညနေငါးနာရီခန့်တွင် နယ်မြေရှင်းလင်းရန်ထွက်လာစဉ် သပြေတောင်ကုန်းတန်း ထန်းတောအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ ရဲဘော်များက မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း PPDF-၃၆၀၁ တပ်ရင်းက ယနေ့ (ဧပြီ ၂၅ ရက်) သတင်းထုတ်ပြန်သည်။
”ခွေးတွေ စထွက်လာတုန်းက ကားနဲ့ နတ်တလင်းရွာဘက်ရောက်မှ ကားပေါ်ကဆင်းပြီး ခြေလျင်လာကြတာကို မိုင်း လေးလုံး သုံးလိုက်တာ။ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ပတ်လည်မိုင်းနှစ် လုံးသုံးလိုက်တာ“ ဟု PPDF- ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြား တာဝန်ခံ ရဲဘော် Shadow က ပြောသည်။
ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် ဒဏ်ရာရသူများနှင့် သေဆုံးအလောင်းများကို ပေါင်းတ လည်မြို့ဘက်မှလာသည့် ကားနှင့်ပြန်သယ်သွားကြောင်း သိရသည်။
ထိခိုက်သေဆုံးသူများကို ပြန်သယ်သွားပြီးနောက် အဆိုပါ စစ်ကြောင်းသည် နတ်တလင်းကျေးရွာ အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်းတပ်သားများပါသည့် အင်အား ၂၀၀ ခန့်နှင့် ထန်းတောရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များ ပစ်ခတ်ကာဝင်ရောက်သွားကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်သားများ ထိခိုက်သေဆုံးခြင်းနှင့် ပတ်သက်ပြီး MPA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။