By Crystal / MPA
KNU၊ တပ်မဟာ-၆ နယ်မြေ၊ ကျုံဒိုး-ကော့ကရိတ် မြို့နယ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီ တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း တော်လှန်ရေး စစ်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
” ရင်ကွဲတောင် စခန်းတော့ ရထားပြီးသားလို့ ကြားတယ်။ သို့သော် KNU က ဦးစီးတဲ့စစ်ဆင်ရေးဆိုတော့ ကျွန်တော်တို့ တရားဝင် ထုတ်ပြန်ခွင့်တော့ မရှိဘူးပေါ့။ လက်ရှိ တိုက်ပွဲအခြေအနေကတော့ အသေအချာ မသိရသေးဘူး။ ” ဟု ၎င်းကဆိုသည်။
အဆိုပါ ရင်ကွဲတောင် ကာကင်းစခန်းသည် စစ်ကောင်စီ၏ စကခ-၁၂ ဌာနချုပ်အနီးနဘူး-ကော့ကရိတ် လမ်းပိုင်းပေါ်တွင် တည်ရှိသည့် ကာကင်းစခန်းတစ်ခုဖြစ်ပြီး ယခုလ ဧပြီ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” လမ်းကင်းစခန်းတွေတော့ သိမ်းလိုက်၊ သိမ်းထားပြီးပြီပေါ့။ သတင်းအတိအကျ ဘယ်စခန်း ဘယ်လိုဘာညာတော့ KNU ပဲ အတိအကျထုတ်ပြန်သင့်တဲ့အချိန်မှာ ထုတ်ပြန်ပါလိမ့်မယ် ” ဟု အထက်ပါ စစ်သတင်းအရင်းအမြစ်က ဆက်ပြောသည်။
ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာရာမှ နေ့စဉ်နီးပါး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့သို့ တိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယမန်နေ့ ဧပြီ ၂၃ ရက်နေ့၊ ည ရှစ်နာရီအချိန်တွင်လည်း ကျုံဒိုးမြို့နယ်ရှိ ဝင်းကကျေးရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” တိုက်ပွဲတွေကတော့ ကော့ကရိတ်မြို့ဘေးနားတွေမှာ နေ့တိုင်းကို ဖြစ်နေတာ၊ မြို့ထဲမှာရှိတဲ့လူတွေအနေနဲ့က ညည ဆိုရင် ပစ်သံခတ်သံတွေ၊ အလုံးကြီးပစ်တာတွေ နေ့စဉ်နဲ့အမျှကြားနေရတယ်။ လေယာဉ်တွေဆိုရင်လည်း တစ်ချိန်လုံးဝဲနေတယ်။ အဓိက စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ဒုက္ခရောက်လာနိုင်တယ်ပေါ့နော်၊ အခု မြို့ကို သူတို့ (စကစ) က ပိတ်ထားလိုက်တယ်။ လုံးဝအပြင်ထွက်ခွင့်မပေးတော့ဘူး ” ဟု ကော့ကရိတ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့သို့ စစ်ကောင်စီက ကော့ကရိတ်မြို့တွင်းမှ ပြည်သူများကို မြို့ပြင်သို့ ထွက်ခွင့်မပေးသည့်အတွက် လူသားဒိုင်းအဖြစ် အသုံးချမည်ကိုလည်း စိုးရိမ်နေရကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တစ်ရက်နေ့မှစတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ကော့ကရိတ်တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော်လည်း ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့ခံများသည် မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်နေခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့်အတွက် ပိတ်မိနေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီသည် ဒေါနတောင်အနောက်ဖက်ခြမ်းကို ထပ်ပြီး လက်မလွှတ်ရရေးအတွက် ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်၊ကျဆုံးမှု အများအပြားရှိနေသလို ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများလည်း ထိခိုက်၊ သေဆုံးမှု များပြားလျက်ရှိကြောင်း သိရသည်။
ဧပြီ ၁၅ ရက်နေ့မှစတင်၍ တစ်ပတ်ကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂၀ ဦးကျော် သေဆုံးပြီး ၄၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIC သတင်းဌာနကလည်း ဖော်ပြထားသည်။