By Zwe Ko/MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက နေ့စဉ်လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းကြောင့် ကျေးရွာ ၂၀မှ ပြည်သူ ၅၀၀၀နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ရက်က မင်းလှမြို့နယ်အပိုင်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အညာတန်းကျေးရွာအနီးတွင် တော်လှန်ရေးရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့်နေရာများကို စစ်တပ်က အထက်ပါအတိုင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ အဲ့ဒီနေ့ကတည်းက အဝေးပြေးကားလမ်းအရှေ့ဘက်ကရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့လည်းထုတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ လေယာဉ်ပေါ်က စက်သေနတ်နဲ့လည်းပစ်တယ်။ ဒရုန်းတွေနဲ့လည်း ဗုံးကြဲတယ်။ အခုထွက်ပြေးနေရတာက တောင်ပြတ်၊ ဦးတိုဗမာစု၊ ကရင်စု၊ သရောက်ကုန် အဲ့ဒီနားက ရွာ ၂၀ ကျော်တယ်။ လူဦးရေဆိုရင် ငါးထောင်လောက်ရှိမယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့် လက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်း ပေါက်ကွဲမှုများရှိနေကြောင်း အသက် ၃၀ အရွယ် မင်းလှမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ စစ်ကွင်းတာလေးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ စိကန့်လန့် ခလရ ၁ ကနေလည်း ပစ်တယ်။ ရွာထဲကျတာတွေလည်းရှိတယ်။ ရွာအပြင်ကိုလည်း ကျတယ်။ ထိခိုက်မိတာတော့ မကြားရသေးဘူး။ အိမ်တွေပျက်စီးတာတွေရှိတယ်။ သဖန်းပင်ဆိပ်ရွာနားကိုလည်း လက်နက်ကြီးကျည်နှစ်လုံးကျတယ်။ ဆားချောင်းရွာကိုလည်း ကျတယ်။ ရွာတွေကို ဦးတည်ပစ်နေတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရန်ကုန်-ပြည်ကားလမ်းအနီးရှိ ကျေးရွာများတွင် PDF များရောက်ရှိနေသည်ဟုဆိုကာ စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် ဒေသခံများကိုလည်း သုံးရက်အတွင်း ကျေးရွာများမှ ထွက်ခွာာရန် အမိန့်ပေးထားကြောင်း မင်းလှမြို့နယ်၊ ဇရစ်မြောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ PDF တွေက ရွာမှာမရှိပါဘူး။ တိုက်ပွဲလည်း ရွာမှာဖြစ်ထားတာမရှိဘဲနဲ့ ရွာသားတွေကို ရွာမှာ မနေခိုင်းဘူး။ ရှောင်ခိုင်းနေတယ်။ အိမ်တွေမှာက ပဲတွေ၊ စပါးတွေရှိသေးတော့ ထားခဲ့ပြီး ဘယ်သူမှ မရှောင်ချင်ကြဘူး။ မဖြစ်မနေ ရှောင်ခိုင်းနေတော့ အဲ့ဒီပစ္စည်းတွေ ထားခဲ့ရတာ ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်များက မင်းလှမြို့နယ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး လမ်းသွးလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စိန်ကန့်လန့်ကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ စစ်သားတွေက ကင်းပုန်းဝပ်နေတာလဲရှိတယ်။ လမ်းစုံတွေမှာ စစ်ဆေးတာတွေလည်း လုပ်နေတယ်။ အဖမ်းခံရတဲ့ လူငယ်တွေလည်းရှိတယ်။ လမ်းသွားလမ်းလာ အကုန်စစ်တာ၊ စျေးသည်တွေကအစ အကုန်အစစ်ခံနေရတာ၊ PDF တွေမြို့ကို သိမ်းမယ်ဆိုပြီး ကြောက်လန့်နေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ရက်က မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာ၀တီခရိုင်တပ်ရင်း-၃၈၀၂ ၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ ဂရုစိုက်နေထိုင်ကြရန် တော်လှန်ရေးရဲဘော်များက တိုက်တွန်းထားသည်။