By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၂၃ရက်၊ ညကိုးနာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းရွာအရှေ့ဘက်နှင့် ဆင်မရဲရွာတောင်ပိုင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆင်မရဲရွာနေ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့ထံမှသိရသည်။
” ခေါင်းထိပြီးသေတယ်လို့ပဲ သိရသေးတာ။ အချက်အလက်တွေတောင်းထားတုန်းပါ” ဟု Yesagyo Township Info Committeeအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဧပြီလ ၂၁ ရက် နေ့ခင်းပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဇီးပင်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ညပိုင်းတွင် တစ်ကြိမ်၊ အလယ်သောင်ရွာကို ညပိုင်းတွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနှင့် သေဆုံးဒဏ်ရာရမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း Yesagyo Township Info Committee အဖွဲ့ကထုတ်ပြန်သည်။
ထို့ပြင် ဧပြီ ၂၀ ရက်က ပခုက္ကူတပ်မ ၁၀၁၊ ရေစကြိုခလရ ၂၅၆၊ ၂၅၇ နှင့် ၂၅၈ တို့မှ ထွက်လာသည့် ပူးပေါင်းအင်းအား ၁၅၀ ပါ စစ်ကြောင်းသည် ဧပြီ ၂၁ ရက်၌ ဗလဘရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူသယ်ဆောင်ကာ နေအိမ်များအား နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာလုံးကျွတ်မီးလောင်ပြကျခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းကြောင့် ကြူ၊ ဆင်ကြို့၊ ရွာသစ်၊ ညောင်ပင်၊ ကျော်ထင်ကုန်း၊ မထီး၊ အင်းမ၊ ငါးမြာလေး၊ လေးရာပြည့်၊ ဆင်မရဲနှင့် ငါးဖယ်ရွာ တို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟင်္သာ၊ အလယ်သောင်၊ အလယ်ကျောနှင့် ဇီးပင်ကုန်းရွာ တို့ပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
” အနည်းဆုံး ၆၀၀၀ လောက်ခန့်မှန်းရပါတယ်။ ရှောင်နေကြရတုန်းပါ။ ပြည်သူတွေရဲ့ ဒုက္ခကတော့ ကမ္ဘာပျက်နေသလိုပါပဲ။ အလုပ်အကိုင်မရှိ၊ စားရေးနေရေးခက်ခဲ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရပြီး၊ နေအိမ်တွေမီးလောင်၊ ပစ္စည်းတွေ ဆုံးရှုံး၊ ဘဝတွေပျက်ပြီး ဒုက္ခရောက်နေကြရ။ ပအဖ အဖွဲ့တွေက တတ်နိုင်သလောက် ကူညီစောင့်ရှောက်မှုတွေ လုပ်နေကြရ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ဧပြီ ၂၃ ရက်ညနေပိုင်းတွင် ပခုက္ကူဘက်သို့ ပြန်လည်ဆုတ်ခွာသွား သော်လည်း စစ်ဘေးရှောင်ပြည်သူအချို့ နေရပ်သို့ မပြန်နိုင်သေးကြောင်းသိရသည်။