By Hsu Yee / MPA
ပဲခူးတိုင်း ၊မင်းလှမြို့နယ်၊ အညာတန်းကြီးရွာတွင် ထမင်းစားနေသည့် စစ်အုပ်စုဝင်များကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း သိရသည်။
ဧပြီ ၂၂ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန် – ပြည်ကားလမ်း အရှေ့ဘက် ကျေးရွာများမှ လူငယ်များအား ပေါ်တာဆွဲရန် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ တစ်မှထွက်လာ သည့် အင်အား ၂၀ ခန့်ပါ စစ်သားများနှင့်ပျူစောထီးတို့ အညာတန်းကြီးရွာရှိ “ 53” မြန်မာထမင်းဆိုင်၌ ထမင်းစားနေစဉ် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှစ်က သတင်း ထုတ်ပြန်သည်။
“ သူတို့ဘက်က နှစ်ယောက်က အပြင်ကစောင့်နေတာ။အဲ့နှစ်ယောက် ပစ်ခတ်ခံရတာမြင်တော့ ဆိုင်ထဲက ထမင်းစားနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက ကြုံရာဆိုင်ကယ်စီးပြီး ထွက်ပြေးတာ။ပြန်မပစ်ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှစ်မှ တာဝန်ရှိသူ က MPA သို့ပြောသည်။
ယင်းစစ်အုပ်စုဝင်များအနက် နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ကျန်ခြောက်ဦးမှာ ဆေးရုံတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
“ နှစ်ယောက်က တံတားအောက်မှာသေတာ။ခလရ တစ်က အဲ့ဒါတွေကားနဲ့လာသယ်တယ်။ ဆိုင်ကယ်နဲ့ပြေးတဲ့စစ်ကောင်စီတပ်သားတွေထဲက ဒဏ်ရာရ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၀ ယောက်ကို မင်းလှဆေးရုံပို့တာ ဆေးရုံမှာ ခြောက်ယောက်ထပ်သေတယ်” ဟု ၎င်းကပြောသည်။
ထိုနောက် ဧပြီ ၂၂ ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် Mi 35 လေယာဉ်ဖြင့် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ ဗုံး သုံးလုံးတွဲ သုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နှင့်လည်း ပစ်ခတ်ခဲ့ရာ ကျောက်တံခါး တောရ ဘုန်းကြီးကျောင်းရှိ နတ်နန်းတစ်ခုပျက်စီးသွားကြောင်းသိရသည်။
“ အဲ့ဘုန်းကြီးကျောင်းအပြင်က အင်တိုင်းတော ကျောက်တောင်မှာ ကားတစ်စီး လေယာဥ်နဲ့ပစ်တာ ထိသွားတယ်။အဲ့ကားထဲက ပြည်သူတစ်ယောက် ပြင်းထန်ဒဏ်ရာရတာ သေသွားလား၊ မသေဘူးလားတော့ မသိရသေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာတန်းကြီးနှင့် သံတောက်ကွင်း(ခ)ကပ်ကျော်ရွာသစ်အပါအဝင် ကျေးရွာခြောက်ရွာထက်မနည်း စစ်ဘေးရှောင်နေရကြောင်းလည်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။