By Ko Paing / MPA
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် ပြည်မြို့ဘက်မှလာသည့် Mi 35 ရဟတ်ယာဥ်ဖြင့် ညောင်သုံးပင်၊ အညာတန်း၊ သင်္ကန်းချောင်၊ ဖားလေးကွင်း၊ ဦးတို(တောင်)ရွာနှင့် ကျောက်တံခါးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
”ရွာပေါ်ကို အနိမ့်လေးကပ်ပြီး လေယာဉ်ဝဲတာလည်းရှိတယ်။ ကျောက်တံခါးဘုန်းကြီးကျောင်းနည်းနည်းထိသွားတယ်လို့ကြားတယ်။ အညာတန်းရွာက ရေကန်ထဲကို ဗုံးတစ်လုံးနဲ့ ဦးတို(တောင်)ရွာထိပ်ကို တစ်လုံးကျတယ်။ ထိခိုက်မှုတော့ အတိအကျမသိရသေးဘူး”ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက MPA သို့ ပြောသည်။
ယနေ့ (ဧပြီ ၂၃ ရက်) တွင်လည်း ထပ်မံလေကြောင်းတိုက်ခိုက်ဦးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
ဧပြီ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ရန်ကုန် – ပြည်ကားလမ်းပေါ် နှစ်နေရာ၌ PDFနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့နေသည့် မင်းလှ လေကြောင်းတိုက်ခိုက်မှုတွင် ရဟတ်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုသာမြင်တွေ့ရပြီး ဗုံးကြဲတိုက်ခိုက်မှုအား မတွေ့ရပေ။
ရန်ကုန် – ပြည်လမ်းမပေါ် ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်အုပ်စုဝင်တဦး၏မျက်နှာကို သေနတ်ကျည်ထိမှန်သဖြင့် မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မတ်လ ၂၃ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ကိုးဦးထက်မနည်း ဒဏ်ရာရခဲ့သေးသည်။