By Ra Wai / MPA
အပစ်ရပ်ကာလကို သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာခဲ့သည့် ယနေ့(ဧပြီ၂၂ ရက်)တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ပြည်သူ့နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA ကသတင်းထုတ် ပြန်သည်။
ယနေ့ (ဧပြီ ၂၂ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် အုမ္မတီးရွာရှိ ပြည်သူ့နေအိမ်များကို ဦးတည်ကာ ဗုံးကြဲချ ခဲ့ရာ အိမ်ငါးလုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့က စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာထားတဲ့ နောက်ဆုံးရက်။ဒီနေ့မှာပဲ နောက်ထပ် ၈ရက် အပစ်ရပ် သက်တမ်းထပ်တိုးတယ်လို့ကြေညာတော့ အပစ်ရပ်နောက်ဆုံးရက်နဲ့ အပစ်ရပ်သက် တမ်းထပ်တိုးကြောင်းကြေညာတဲ့ရက်မှာ ဂုဏ်ယူစွာနဲ့ လေကြောင်းတိုက်ခိုက်တဲ့သဘောလို့ မှတ်ယူ ရတော့မှာပဲ”ဟု ရှမ်းမန်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီက ဧပြီနှစ်ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ပြီးနောက် ဧပြီ ၂၃ ရက် မှ ၃၀ ရက်အထိ အပစ်ရပ်သက်တမ်းထပ်တိုးကြောင်း ယနေ့ ကြေညာခဲ့ပြန်သည်။
စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာခဲ့သည့် ဧပြီနှစ်ရက်မှ ၂၂ ရက်အထိ လေကြောင်းတိုက်ခိုက် မှုများကို ငလျင်ဘေးသင့်ဒေသများပါ မချန် လုပ်ဆောင်ခဲ့ပြီး ဧပြီ၂၁ရက်တွင် မတ္တရာမြို့နယ်၊ အိုင်ဒိုင် ကျေးရွာမှ ငလျင်ဒဏ်ကြောင့် ဘုန်ကြီးတစ်ပါးပျံလွန်တော်မူထားသည့် ကျွန်းပင်ဘုန်းကြီးကျောင်း အား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါး ဗုံးထိမှန်ကာ ပျံလွန်ခဲ့သည်။
“အာဏာရှင်လုပ်ချင်တော့လည်း မျက်နှာပြောင်ရဲရတာပဲ”ဟု ရှမ်းမန်းအခြေစိုက် တော်လှန်ရေး ရဲဘော်က ဆက်လက်ပြောသည်။
ဧပြီ၂၁ရက်တွင်လည်း နောင်ချိုမြို့နယ်၊တောင်ခမ်းကျေးရွာရှိ ၉ဝ၂တပ်စခန်း(အမှတ်၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်)အနီးတိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၁၅လုံးလာရောက်ကြဲချခဲ့သေးကြောင်း TNLA ကဆိုသည်။
ယင်းအဆိပ်ငွေ့ဗုံးကြောင့် TNLAတပ်သား ၁ဝဦး ဒဏ်ရာရပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်ကာ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျကာ ဝေဒနာခံစားရကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။