By Ko Paing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်တွင် ရိက္ခာပို့ရန် ရှေ့ပြေးလာသည့်စစ်သားများကို PDF တို့ မိုင်းဆွဲခဲ့ရာ နှစ်ဦးသေပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် စစ်ကောင်စီတပ်အထိုင်ချရာ ကျောက်ကြီးတောင်သို့ ရိက္ခာပို့ရန် ဆိုင်ကယ်ခုနှစ်စီးဖြင့် စစ်သား၁၄ဦး ရှေ့ပြေးထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပေါက်တောရွာနှင့် အဂ္ဂရာပြည့်ကွက်သစ်ကြား တံတားအနီး၌ အသင့်ထောင်ထားသည့် မိုင်းခြောက်လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ – PPDF တပ်ရင်းထံမှ သိရသည်။
“ အဲကောင်တွေက ရှေ့ပွိုင့်ထွက်လာတဲ့ဆိုင်ကယ်တွေ၊ ခုနှစ်စီး တစ်ပြိုင်နက်လာတာ၊ လူခွဲလာတာမဟုတ်ဘူး။ ရှေ့က လေးစီးလောက်ကို ထိသွားတာ” ဟု ”ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် shadow က MPA သို့ပြောသည်။
မိုင်းခွဲတိုက်ခိုက်ချိန်တွင် ရိက္ခာပို့မည့်ကားမှာ မှတ်တိုင်ရဲစခန်းအတွင်း၌ပင် ရှိနေသေးပြီး မိုင်းဆွဲခံရသည့်အတွက် ရိက္ခာပို့ရန်အစီအစဥ်လည်းပျက်သွားကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်သည့်နေရာမှာ မှတ်တိုင်ရဲစခန်းနှင့် ၄ မိုင်ခန့်အကွာရှိ ဗျူဟာလမ်းပေါ်တွင်ဖြစ် သည်။
ယင်းနေ့ ညနေ သုံးနာရီခွဲခန့်တွင် မှတ်တိုင်ရွာဘက်မှလာသည့် ဖောကားဖြင့် အလောင်းများကို ပေါက်တော စစ်တပ်အတွင်းသို့ သယ်သွားပြီး ဒဏ်ရာရသူများအား မှတ်တိုင်ဆေးရုံ၌ ကုသမှုပေး နေကြောင်း သိရသည်။
မိုင်းဆွဲအပြီးတွင် စစ်သားများက လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းခဲ့ကြောင်း သိရသည်။
ရိက္ခာပို့မည့်ကျောက်ကြီးတောင်တွင် လွန်ခဲ့သည့် သုံးနှစ်ကျော်ကတည်းက စစ်ကောင်စီတပ် တပ်စွဲထားသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။