By Sayar Ngaat / MPA
၂၀၂၅ခုနှစ်၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကြုံနေစဉ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၆၆ဦးအထိ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များကျရောက်နေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်ကာ ပြည်သူများကို အကြောက်တရားများရိုက်သွင်းလျက်ရှိ ကြောင်း ကရင်နီပြည်မှ အမျိုးသမီး တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
” PDF တွေ ရှိလို့ စစ်တပ်က တိုက်တာ၊ PDF တွေမရှိရင် စစ်လည်း မလာဘူးဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရတယ်။ ဒါဟာ ပြည်သူကို အကြောက်တရားနဲ့ ဝေဝါးလာအောင်၊ တော်လှန်ရေးရဲ့ ပုံရိပ်ကို ကျဆင်းအောင် သူတို့(စစ်ကောင်စီတပ်) ဖော်ဆောင်တယ်။ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်ပြုလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သေဆုံးမှုကလည်း မြင့်တက်လာတယ် ” ဟု ၎င်းက ပြောသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းများအရ မတ်လအတွင်း စစ်တပ်၏လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅၀)ဦး၊ အရပ်သားပြည်သူများကို ပစ်မှတ်ထားကား လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် (၅)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂)ဦး၊ သတ်ဖြတ်ခံခဲ့ရသူ (၇)ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် (၁)ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁)ဦးတို့ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အမျိုးသမီး (၆၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်ရပ်များ ကြောင့် သေဆုံးခဲ့သူများအနက် (၂၄)ဦးသည် အသက် (၁၈)နှစ်အောက် အမျိုးသမီးများဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ကြောင့် (၄၉)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂၃)ဦး၊ မြေမြုပ်မိုင်းကြောင့် (၁၅)ဦး၊ အကြောင်းမဲ့ရိုက်နှက်ခံရခြင်းကြောင့် (၁)ဦး စုစုပေါင်း အမျိုးသမီး (၈၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၌ အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများတွင် များစွာ ထိခိုက်လျက်ရှိပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများသည်လည်း မြင့်တက်လျက်ရှိကြောင်း စစ်ရှောင်အမျိုးသမီးများကို ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
” လက်ရှိမှာ အမျိုးသမီးတွေကို ကာကွယ်ပေးမဲ့ ဥပဒေတွေက အတော် အားနည်းနေတယ်။ တစ်ခုခုဆို ဘယ်သွားတိုင်ရမှန်းကို မသိတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီကြားထဲကိုမှ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတော့ ကလေးတွေနဲ့ အမျိုးသမီးတွေက တော်တော်ဆိုးဆိုး ခံနေရပါတယ်၊ စိတ်ပိုင်းဆိုင်ရာမှာဆိုလည်း ဆိုင်ကယ်စက်နှိုးသံကို စစ်တပ်က လေယာဉ်နဲ့ လာပစ်တာလားဆိုပြီး စိတ်ဒဏ်ရာရတဲ့အထိ ဆိုးဆိုးဖြစ်နေတာပါ ” ဟု ၎င်းက ပြောသည်။
၂၀၂၁ခုနှစ် ၊ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအရှိန် အားကောင်းနေသည့် စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်၏ မကြာခဏ လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
” ကျမတို့ဆို လေယာဉ်နဲ့ ဗုံးကြဲတာကို မျက်စိရှေ့မှာတင် ကိုယ်တိုင် ကြုံခဲ့ရတယ်။ မျက်စိရှေ့မှာတင် ပြည်သူတွေ သေဆုံးသွားတာကို မြင်ရတယ်။ အဲ့ဒါတွေကြောင့် ကိုယ်တိုင်လည်း လေကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရ နေတယ်။ ကျန်တဲ့ မိန်းကလေးတွေဆိုလည်း တော်တော်ခံစားကြရတယ်။ ဒီအာဏာရှင်စနစ် မြန်မြန်ပြီးဖို့ပဲ ဆုတောင်း နေရတာပါပဲ ” ဟု စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ၅၁မိနစ်နှင့် ၁နာရီ၂မိနစ်တို့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီးတို့ ကို ဗဟိုပြုကာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နာရီဝက်ကျော်အကြာ တစ်နာရီခွဲနှင့် နှစ်နာရီကြား၌ နောင်ချိုမြို့နယ်၊ကံကြီးကျေး ရွာအနီးသို့ စစ်တပ်က လေကြောင်းမှ ဗုံးသုံးကြိမ်ကြဲချခဲ့ရာ ဓနုပြည် သူ့ လွတ်မြောက်ရေးတပ်တော်-DPLAမှ ရဲ မေခြောက်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂမှ မှတ်တမ်း ကောက်ယူထားသည့်အချက်အလက်များအရ ဇန်နဝါရီလတွင် အမျိုးသမီး(၈၆)ဦး၊ ဖေဖော်ဝါရီလတွင် အမျိုးသမီး (၆၆)ဦး သေဆုံးခဲ့ပြီး နှစ်လတာအတွင်း အမျိုးသမီး(၁၅၂)ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ ဧပြီလ ၂၂ရက်အထိ အမျိုးသမီး (၁၅၁၁)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအသင်း-AAPP၏ စာရင်းများအရ သိရသည်။