By Ra Wai / MPA
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ ဆွမ်းကပ်နေသည့် အမျိုးသမီးနှစ်ဦးနှင့် ကိုရင်လေးတစ်ပါး သေဆုံးခဲ့ကြောင်း သိရသည်။
မင်းစောရွာ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများ ဆွမ်းစားနေသည့် ဧပြီ ၁၉ ရက်၊နေ့ခင်း ၁၁ နာရီကျော်၌ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးပဇင်းနှစ်ပါး၊ ကိုရင်ကြီးတစ်ပါးနှင့် အရပ်သားခြောက်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ (ဧပြီ ၂၂ ရက်) သတင်းထုတ်ပြန်သည်။
“မင်းစောရွာဆိုတာ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေထဲကပါ။ ဘီလင်းမြို့ပေါ်နဲ့တော့ ဝေးတယ်။မင်းစောကို လေကြောင်းတိုက်ခိုက်တာ အခုနဲ့ဆို သုံးခါရှိပြီ။အရင်နှစ်ခါက စာသင် ကျောင်းကို ကြဲတာ”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPA သို့ပြောသည်။
စစ်တပ်ကြဲချသည့် ဗုံးသည် ဆွမ်းစားကျောင်းဆောင်တည့်တည့်သို့ ကျရောပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့်အမျိုးသမီးနှစ်ဦးမှာ အသက် ၆၀ နှင့် ၆၅ နှစ်ရှိ ကျောင်းဒါယိကာမတို့ဖြစ်ကာ ပျံလွန် သွားသည့် ကိုရင်မှာ အသက် ၁၀ နှစ်သာ ရှိသေးကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
မွန်ပြည်နယ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုနယ်မြေများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းတိုက်ခိုက်ရန် စစ်တပ်တွင်း ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်ဟု စောထူးအောင်က ပြောသည်။