By Ra Wai / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ပြည်သူသုံးဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဧပြီ ၂၁ရက်၊ မွန်းလွဲ ၁နာရီ ၁၂မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ အိုင်ဒိုင်ကျေးရွာမှ ငလျင်ဒဏ်ကြောင့် ဘုန်ကြီးတစ်ပါးပျံလွန်တော်မူထားသည့် ကျွန်းပင်ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးသတင်းများ အသားပေးဖော်ပြနေသည့် နွေဦးတော်လှန်ရေးစာမျက်နှာ Voice Of Mandalay (VOM) ထံမှသိရသည်။
” ကျွန်းပင်ကျောင်းက ခုလေယာဉ်ပစ်ခံရတဲ့ ဆွမ်းစားဆောင်ကလွဲရင် ရှိသမျှ ဓမ္မာရုံတွေ ဘုန်းကြီး ကျိန်းတဲ့ အဆောက်အအုံတွေ၊ ဆွမ်းစားကျောင်းဆောင်တွေ အကုန်လုံးပြိုသွားတာဗျ၊ ငလျင်ဒဏ် ကြောင့်မို့” ဟု Voice Of Mandalay (VOM) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် မွန်းလွဲ ၁နာရီ ၁၇မိနစ်ခန့်တွင် အိုင်ဒိုင်ကျေးရွာရှိ ပင်ကုက္ကိုဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံအချို့ပျက်စီးမှုရှိပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
” ကျောင်းမကြီးတွေ ဘာတွေပျက်စီးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်မှဧပြီ ၂၂ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။