By Ko Paing / MPA
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းလုံခြုံရေး တာဝန်ကျ စစ်သားများနှင့် PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ခြောက်ဦးသေကာ ဒဏ်ရာရသူများလည်း ရှိကြောင်း နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၂ က သတင်းထုတ်ပြန်သည်။
ဧပြီ ၂၁ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကားအချို့ ပဲခူးတိုင်းမှ မွန်ပြည်နယ်ဘက်သို့ ဝင်ရောက် လာသည်ဟု သတင်းကြားသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲရန်စောင့်နေစဉ် ဘီးလင်းမြို့နယ်၊ အလူးလေးနှင့် သပြေနီကြား၌ ယာဉ်တန်းလုံခြုံရေး တာဝန်ကျ စစ်သား ၂၀ခန့်နှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းကင်းယူဖို့လာတဲ့ စစ်သားတွေနဲ့ပစ်ခတ်ကြတာပါ။ ပြည်သူတွေရဲ့ သတင်းပေးချက်အရ ဘီးလင်း အခြေစိုက် ခမရ ၃ ကနေ စစ်သားတွေလိုက်လာတဲ့ ခြောက်ဘီးကားနဲ့ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို လာသယ်သွားတယ်၊ ဘီးလင်းဘက်ကို“ ဟု နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၂ မှ ရဲဘော်ရဲကြီးက ပြောသည်။
ယနေ့ (ဧပြီ ၂၂ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဝန်းကျင်၌ စစ်သား ၁၅၀ ခန့်ကို လုံခြုံရေး ချထားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း PDFရဲဘော်တဦး ၄၀ မမကျည်စ ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း ၊ ၇၈၀၁ တပ်ရင်း၊ ၇၈၀၅ တပ်ရင်း တပ်ခွဲ ၄ တို့ ပူးပေါင်းဆင်နွှဲခဲ့သည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီတပ်သည် တိုက်ပွဲမရှိသည့် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေသဖြင့် ပြည်သူများ စစ်ရေးသတိနှင့် သွားလာနေထိုင်ကြရန် နဂါးဖြူတပ်ရင်းက အသိပေးထားသည်။