By Nway / MPA
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် တင့်ကားနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသောတပ်ကို PDFတို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
ဧပြီ ၂၀ ရက်တွင် စလင်းမြို့နယ်၊ ကံပြားရဲစခန်းမှ ပုသိမ် – မုံရွာလမ်းပိုင်းသို့ ထွက်လာသည့် တင့်ကားနှစ်စီးနှင့် အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို သစ်ခေါက်တောင်မအကျော် ကျောက်ခွဲစက်အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စလင်းထံမှသိရသည်။
” တိုက်ပွဲက ၂၀ ရက်နေ့ တစ်နေကုန်ဖြစ်ခဲ့တာပါဗျ၊ ကျတော်တို့ဘက်ကတော့ စစ်ကူတောက် လျှောက်ပို့ရတာရှိပါတယ်။ သံချပ်ကာ ကားကိုအသုံးပြုပြီး စက်လတ်၊ RPG စစ်ကောင်စီဘက်က အသုံးပြုခဲ့ပါတယ်။ ကျတော်တို့ ပွိုင့်ဘက်နဲ့တော့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုပဲ ဖြစ်လိုက်တာပါ” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စလင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့(ဧပြီ၂၁ရက်)နံနက်ပိုင်းတွင် ကံပြားရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများစွာရှိနိုင်ပြီး နယ်မြေအနေအထားအရ စုံစမ်း၍မရကြောင်း ၎င်းကပြောသည်။
” စစ်ကောင်စီ နယ်မြေအနီးဖြစ်ပွားတာမို့ သတင်းမရယူနိုင်တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ငါးတပ်ရင်း ၊အမှတ်ငါး ဒုန်းတပ်ဖွဲ့၊မင်းဘူးခရိုင် အမှတ်တစ်တပ်ရင်း၊ အမှတ် တစ် ဒုန်းတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF ၊ဗမာ့တပ်တော် ၊SLN LPDF ၊မင်းဘူးခရိုင် ပကဖနှင့် စလင်းမြို့နယ် ပကဖတို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။