By Crystal / MPA
KNU၊ တပ်မဟာ-၆ နယ်မြေ၊ ကျုံဒိုး-ကော့ရိတ် မြို့နယ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ပေါ်နေ ပြည်သူများ ပိတ်မိနေကာ ဆန်ပင် ဝယ်မရဖြစ်နေကြောင်း ကော့ကရိတ်မြို့နေ ပြည်သူများထံမှ သိရသည်။
” မြို့ထဲက လူတွေကို အပြင်လုံးဝ မပေးထွက်ဘူး။ ကျုံဒိုးလမ်း ၅ တိုင်နဲ့ ၇ တိုင်ကြား၊ နွားခြံတို့ဘာတို့မှာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတော့ စစ်တပ်က ပေးမထွက်ဘူး။ အခုမြို့ထဲကို သင်္ကြန်အတွင်း အလှူလာလုပ်တဲ့သူတွေပါ ပိတ်မိနေတာ။ ဒါပေမဲ့ ကော့ကရိတ်မြို့ထဲမှာတော့ ဘာမှမဖြစ်ဘူး။ လမ်းတွေပိတ်ထားတော့ ရိက္ခာတွေတော့ ပြတ်သွားနိုင်တယ် ” ဟု ကော့ကရိတ်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တစ်ရက်နေ့မှစတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ကော့ကရိတ်တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော်လည်း ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့ခံများသည် မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်နေခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့်အတွက် ပိတ်မိနေခြင်းလည်းဖြစ်သည်။
” အခုလည်းဆန်တွေဘာတွေ ဝယ်လို့မရတော့ဘူး။ ကော့ကရိတ်မှာက စစ်ဖြစ်နေတဲ့အခါကျတော့ အများကြီး မဝယ်ထားကြဘူး။ အရင်ကဆို ဆန်အိတ် ၁၀၀ လောက်ဝယ်ဖြည့်ထားတဲ့ ဆိုင်တွေကလည်း အခုဆို ၁၀ အိတ်လောက်ပဲ ရှိတာ၊ ဒီနေ့ကုန် နောက်နေ့မှာရောင်းတဲ့ ပုံမျိုးဖြစ်သွားပြီ။ ကော့ကရိတ်မှာက လူ တော်တော်များနေတာ။ အခု ၁၀၀၀ ကျော်လောက်ရှိတယ်။ ပြန်ဝင်နေနေကြတာပေါ့ ” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
လက်ရှိ ကျုံဒိုး-ကော့ရိတ် မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၌ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရှိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
” သူတို့စခန်းစွန့်ခွာတာတွေ ဆုတ်ရတာတွေတော့ ကြားမိပါတယ်။ သို့သော် ဘယ်နေရာ ဘယ်စခန်းရယ်လို့တော့ အတိအကျတော့မသိရသေးဘူး။ တိုက်ပွဲ battle ဖြစ်တာမျိုးတော့ လောလောဆယ် မကြားရဘူး။ ပွိုင့်ဖိုက်နဲ့ပစ်တာတို့ လက်နက်ကြီးနဲ့ပစ်တာမျိုးတော့ စကစ ဘက်ကလုပ်တယ် ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဒေါနတောင်အနောက်ဖက်ခြမ်းကို ထပ်ပြီး လက်မလွှတ်ရရေးအတွက် ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်၊ကျဆုံးမှု အများအပြားရှိနေကြောင်းလည်း သိရသည်။
” လက်ရှိ စကစ ဘက်က ထိုးစစ်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ခုခံစစ်နဲ့ ရင်ဆိုင်နေတယ်။ ခုခံစစ်ဆိုတာက ရှိပြီးသား တပ်စခန်းတွေကို မပျက်စီးသွားဖို့၊ တပ်မဆုတ်ရဖို့၊ ရှေ့ကာကင်းတွေဆုတ်လည်း အထိုင်ကင်းတွေကို မဆုတ်ဘူး။ လူလိုရင် ထပ်ဖြည့်မယ်။ လေယာဉ်နဲ့ ဗုံးကြဲမယ်။ အခု ကမ်းနီးတို့ဘာတို့ ရွာတွေကို ပတ်ကြဲတာကလည်း အဲ့ဒီနားပတ်ဝန်း ကျင်မှာ PDF တွေက သူတို့ရဲ့အနီးဆုံးတပ်စခန်းတွေ လှိုင်ဝတို့၊ ၉၇ တို့ ဒါတွေကို ချဉ်းကပ်လာမှာစိုးလို့။ အဲ့ဒီတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေမယ်၊ ဒီနွေရာသီတစ်လျောက်လုံးပဲ ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံ ဦးထွန်းထွန်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၅ရက်က စကခ-၁၂ ဌာနချုပ်အနီးရှိ ကာကင်းစခန်းတစ်ခုဖြစ်သည့် ရင်ကွဲတောင် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း စကခ-၁၂ဌာနချုပ်ကို ပိတ်ဆို့ထားကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီ ၁၅ရက်တွင်ပင် ကျုံဒိုးမြို့၊ နွားခြံကုန်းရွာမှ ပိတ်မနေသည့် ဒေသခံများကို တော်လှန်ရေးပူးပေါင်းတပ်များက ကယ်ထုတ်နေစဉ် ခမရ ၅၄၆ မှ ပစ်သည့် လက်နက်ကြီးသည် စစ်ရှောင်များလိုက်ပါလာသည့် ကားဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ခုနှစ်ဦးသေဆုံးခဲ့ရသေးသည်။
ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာရာမှ နေ့စဉ်နီးပါး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့နယ်အတွင်းစစ်ကောင်စီတပ်သားများ နေရာယူထားသော သဲပုံစေတီ၊ တောနော်၊ ရွှေကြက်မင်း၊ နိုနိုပွိုင့်နှင့် သီလရှင်ကျောင်းနေရာများကို ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။