By Ko Paing/MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာထဲသို့ စစ်ကောင်စီတပ် ကြဲချသည့် ဗုံးကျရောက်ခဲ့ရာ ပြည်သူခြောက်ဦးသေဆုံးခဲ့ကြောင်း Kawlin Info ကသတင်းထုတ်ပြန်သည်။
ဧပြီ ၂၀ ရက်၊ ညနေခြောက်နာရီခွဲကျော်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ရာ ကန့်ဘလူမြို့နယ်၊ သင်တောရွာ အတွင်းရှိ ကုန်စုံဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးသုံးဦးနှင့် အမျိုးသားသုံးဦး သေဆုံးကာ အမျိုးသားနှစ်ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ရွာဆိုတော့ ညပိုင်းဈေးရောင်းဈေးဝယ်လုပ်နေတဲ့ အချိန်ကြဲချသွားတာပါ။အဲဒီရွာက အရင်က ရွာထဲမနေကြဘူး။ ခုမှ တချို့တစ်ဝက်ပြန်နေရင်းဖြစ်သွားတာ”ဟုဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် ဈေးဆိုင်အနီးရှိ နေအိမ်တစ်လုံး၊ ဆန်စက်နှင့် ဆီစက်တို့လည်း မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အချို့လည်း ဗုံးစထိမှန်ခဲ့သေးကြောင်း သိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ် ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။