By Ra Wai / MPA
စစ်ကိုင်းမြို့၊ ရဲတပ်ရင်းအနီးတွင် ယာဉ်တန်းလုံခြုံရေး တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ငါးဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၂၀ ရက်၊ ညနေ လေးနာရီကျော်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ထွက်လာသည့် ကား ၁၀ စီးပါယာဉ်တန်းအတွက် စစ်ကိုင်း-ရွှေဘို-မုံရွာလမ်းပေါ်ရှိ ရဲတပ်ရင်း ၁၆ အနီး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က သတင်းထုတ်ပြန်သည်။
” ပြောရရင်တော့ ယာဉ်တန်းကို လုံခြုံရေး ယူပေးတာ။ လုံခြုံရေး ယူရင်းနဲ့ ကားတွေကို တားပြီး ငွေတောင်းတာ။ မရပ်တဲ့ကားဆို Gun နဲ့ ပစ်သေးတာ သူတို့က။ အင်အားကတော့ လမ်းမပေါ်မှာ ပေါ်တင်က ခြောက်ယောက်၊ ခုနှစ်ယောက်လောက်နဲ့ ကင်းပုန်းက ခြောက်ယောက်။ လမ်းပေါ်တက်နေတဲ့လူတွေကိုကျတော်တို့က ပစ်တယ်။ ကင်းပုန်းကပါ သူတို့ဘက်ကနေ ပစ်ကူပေးတယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ရဲတပ်ရင်း ၁၆ နှင့် နီးလွန်းသဖြင့် တိုက်ပွဲဖော်ဆောင်ချိန်မကြာသလို လက်နက်ကောက်ယူနိုင်ခြင်းလည်း မရှိခဲ့ကြောင်း သိရသည်။
” ရဲတပ်ရင်း ၁၆ နဲ့က အော်ခေါ်ရင်တောင်ကြားရလောက်တဲ့ အကွာအဝေးမှာ ဖြစ်တာဆိုတော့ တိုက်ပွဲဖော်ဆောင်ချိန်ကသိပ်မကြာလိုက်ဘူးဗျ။ သေနတ်မကောက်နိုင်ခဲ့ပေမဲ့လည်း တပ်ရင်းနဲ့ အနီးဆုံးနေရာအထိတက်ပြီးတော့ တိုက်ခဲ့တာဖြစ်လို့ ဒီပွဲကို အားရတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ရဲတပ်ရင်း ၁၆ မှ စစ်ကူလာခြင်းနှင့် လက်နက်ကြီးပစ်ကူ ပေးခြင်းတို့ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။