By Ra Wai / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာကို စစ်တပ်ကြဲချသည့် ဗုံးကျ ရောက်ပေါက်ကွဲခဲ့ရာ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာလည်ခေါင်သို့ စစ်ကောင်စီတပ် ကြဲချသည့် ဗုံးနှစ်လုံးကျရောက်ခဲ့ခြင်းဖြစ်ပြီးဒဏ်ရာရသူနှစ်ဦးမှာ မစိုးရိမ်ရကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှသိရသည်။
” ကြဲတာကတော့ ရွာလည်ခေါင်ပေါ့။ ဒါပေမဲ့ ဖိုက်တာလာတော့ အဲ့မှာ ပြည်သူတွေအနေနဲ့ မရှောင်နိုင်မတိမ်းနိုင်ပေါ့။ ရှောင်နိုင်တဲ့သူတွေကတော့ လွတ်တယ်ပေါ့နော်။ မရှောင်နိုင်တဲ့ ပြည်သူတွေကတော့ ထိတယ်ပေါ့နော်” သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ကိုနဂါးနီက MPA သို့ပြောသည်။
ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊လိပ်ကျရွာနှင့် ရေထွက်ကျေးရွာတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး အထိအခိုက်မရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာနှင့် လိပ်ကျရွာတို့ကို စစ်တပ်က ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ သေဆုံးပြည်သူ အယောက်၄၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။