By Hsu Yee/MPA
ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်တပ် PDF တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိအပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၀ရက်) နံနက် ၅နာရီ မိနစ်၂၀ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်းသို့ အင်အား ၆၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် PDF တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ငါးဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း P2-3703 Fire Dragon(မီးနဂါးစစ်ကြောင်း)မှ သတင်း ထုတ်ပြန်ထားသည်။
“ ကျတော်တို့ မနက်ငါးနာရီလောက်မှာ ရန်သူဘက်က ဒရုန်းနှစ်စင်းနဲ့ စပစ်တယ်ပေါ့နော်။ပြီးတော့ ကျတော်တို့ ရှေ့ကင်းနဲ့ တက်လာတဲ့ ရန်သူတွေနဲ့ ထိတွေ့ဖြစ်တယ်။ ရန်သူဘက်က ထိခိုက်မှုများသွားတယ်။ သူတို့ပြန်ဆုတ်သွားတယ်။ ပြီးတော့ ပြန်တက်လာဖို့လုပ်တယ်။ ဒရုန်းတွေနဲ့ ထပ်ချတယ်။လက်နက်ကြီးပစ်ကူယူတယ်။နောက် Mi 35 ချေမှုန်းရေး ရဟတ်ယာဉ် ပစ်ကူထိပါယူရတယ်ပေါ့နော်” ဟု မီးနဂါး စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
ယနေ့ ညနေ သုံးနာရီခွဲကျော်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်းလည်း ရှေ့ဆက်မတိုးနိုင်ကြောင်း သိရသည်။
“ ကျတော်တို့ ဒီဘက်တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကတော့ နေရာသေချာယူထားနိုင်လို့ ထိခိုက်မှုလည်း မရှိပါဘူး။ရန်သူတွေလည်း ရှေ့ကိုဆက်ပြီး တက်မလာနိုင်သေးဘူးပေါ့နော်။ လက်ရှိအခြေအနေကတော့ ထိပ်တိုက် စစ်ဆိုင်ထားဆဲ အနေအထားတော့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားမည်ဟု မီးနဂါး စစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML