By Ra Wai / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၁၈ ရက်၊ နံနက် ၁၀ နာရီကျော်တွင် သပိတ်ကျင်းမြိုနယ်၊ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ လိပ်ကျရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် သုံးရာ ဗုံးသီးတစ်လုံးကြဲချခဲ့ရာ ကလေးငယ်တစ်ဦး၊ အမျိုးသားရှစ်ဦး၊ အမျိုးသမီးသုံးဦး၊ တစ်ဦးစိစစ်ဆဲတို့ သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှသိရသည်။
” အဓိကက လူစည်ကားတဲ့နေရာကို ချတယ်လို့ပဲ ကျတော်ထင်တယ်ဗျ။ ထိခိုက်ပျက်စီးမှုတွေက လည်း ၃၀၀ (ဗုံး) ဆိုတော့ ရှိတော့ရှိမှာဗျ။ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ရှိလဲမသိရသေးဘူးဗျ” ဟု ပြင်ဦးလွင်ခရိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ဒဏ်ရာရရှိသည့် ပြည်သူသုံးဦး၏အခြေနေကို အသေးစိတ်မသိရှိရသေးကြောင်း ၎င်းကပြောသည်။
ဧပြီ ၁၈ရက် ညနေလေးနာရီခွဲဝန်းကျင်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာလမ်းခွဲအနီး၌ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သေးရာ လူထိခိုက်မှုမရှိခဲ့ပေ။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။