By Ra Wai / MPA
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းထဲသို့ စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦးအပါအဝင် ပြည်သူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဧပြီ ၁၈ရက်၊ မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှသိရသည်။
” ကျနော်တို့ စာသင်ကျောင်းဖွင့်မထားပါဘူးဗျ။ ပေါင်၅၀၀ဆိုတော့ နည်းနည်းပြင်းတယ်လေ။ ဘေးကလူတွေကို ထိခိုက်တာဗျ။ စာသင်ကျောင်းဘေးဆိုတော့ လူသွားလူလာတော့ ရှိမှာပဲ။ အဲ့လို လူသွားလူလာ မှန်တဲ့ ပုံစံလည်း ဖြစ်နိုင်တယ်ဗျ။ အဲ့ဒါတော့ အတိအကျမသိရသေးဘူး။” ဟု ပြင်ဦးလွင်ခရိုင်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်သုံးဆောင် ပျက်စီးခဲ့ပြီး ဒဏ်ရာရှိသူများမှာ မစိုးရိမ်ရကြောင်း သိရသည်။
” ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်ရတဲ့ အနေအထားမရှိဘူးဗျ” ဟု ၎င်းကဆက်လက် ပြောသည်။
ဧပြီ ၁၈ရက်၊ ညနေလေးနာရီခွဲဝန်းကျင်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာလမ်းခွဲအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သေးရာ မီးတိုင်တစ်တိုင် လဲကျခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ရက်၊ ညရှစ်နာရီကျော်ကလည်း စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအစွန်သို့ ဗုံးနှစ်လုံးကျရောက်ခဲ့ရာ အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်ကတည်းက စဉ့်ကူးမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထားခဲ့ပြီး ယနေ့ထိတိုင် စစ်ကောင်စီကင်းစင်နေသော မြို့ဖြစ်သည်။